
ဒီဇင်ဘာ ၁၆ ၊ ဖားကန့်
ဖားကန့်မြို့နယ်ထဲရှိ ကျောက်စိမ်းစျေးကွက်တွေထဲထိ တရုတ်နိုင်ငံသားကုန်သည်တွေက တိုက်ရိုက်လာရောက်ဝယ်ယူမှုတွေကြောင့် စျေးကွက်ပျက်ပြီး ဒေသခံကုန်သည်တွေနစ်နာမှုတွေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
“ အဓိကတော့လေ ပြည်ကြီးတရုတ်ကုန်သည်တွေ တိုက်ရိုက်လာဝယ်နေတော့ ပိုဆိုးတာပေါ့ ၊ သူတို့နဲ့ယှဉ်ဝယ်လို့မရဘူး၊နိုင်ငံရေးမတည်ငြိမ်သာဆိုတယ် ပြည်ကြီးတရုတ်ကုန်သည်တွေ ပိုပိုပေါလာတယ် ၊တရားမဝင်သာပြောတယ် ဘယ်သူမှလာမဖမ်းဘူး လမ်းမှာကျောက်တွေပေါ်တင်ဝယ်နေတာပဲ” လို့ ဖားကန့်မြို့ပေါ်က ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောပြပါတယ်။
ဖားကန့်မြို့နယ်ထဲမှာတရားမဝင်တရုတ်ကုန်သည်တွေဟာ လက်ရှိကာလမှာ သိသိသာသာပိုမိုရောက်ရှိနေထိုင်ဝယ်ယူကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ တရုတ်နိုင်ငံသားအများအပြားက ဖားကန့်မြို့နယ်အတွင်းကို နည်းမျိုးစုံနဲ့ ရောက်ရှိလာခဲ့ကြပြီး ကျောက်စိမ်းလုပ်ငန်းခွင်ထဲထိ လိုက်လံဝယ်ယူမှုတွေရှိနေတယ်လို့ လုံးခင်းကျေးရွာရှိ ရေမဆေးတစ်ဦးက ဆိုကြပါတယ်။
တရုတ်နိုင်ငံသားတွေရဲ့ တိုက်ရိုက်လာရောက်ဝယ်ယူမှုတွေကြောင့် ကျောက်ရောင်းသူအများစုက သူတို့ဆီကို တိုက်ရိုက်ရောင်းချနေပြီး ၊ ဒေသခံကုန်သည်တွေက စျေးယှဉ်မဝယ်ယူနိုင်ခြင်းမရှိတာတွေကြောင့် အခက်အခဲတွေဖြစ်လာတာလို့ ဆိုကြပါတယ်။
“ ဖားကန့် ဆိပ်မူမှာ ဖြတ်ထားတဲ့ကျောက်တွေဝယ်တာပေါ့၊ မန္တလေးမှာ လက်ကောက်၊ပုတီး၊ ဆွဲသီး စတဲ့ ကုန်ချောတွေပြုလုပ်ရတယ် ပြီးရင်တော့ မန္တလေးဝိုင်းမှာ တရုတ်ကုန်သည်တွေကိုပြန်ရောင်းချကြရတာပေါ့၊ အခုတော့ ဖားကန့်မှာ ပြည်မတရုတ်တွေ တိုက်ရိုက်တွေသွားဝယ်တော့ မြန်မာပြည်ကုန်သည်တွေဘယ်လိုလုပ်စားရမလဲ” ဟု မန္တလေးမြို့ရှိ ကျောက်စိမ်းအချောထည် ကုန်သည်တစ်ဦးကဆိုပါတယ်။
ပုံမှန်အားဖြင့် ကျောက်စိမ်းတွေကို ဖားကန့်ကနေ မန္တလေးမြို့ကို သယ်ဆောင်သွားပြီး မန္တလေးရှိကျောက်ဝိုင်း ( ကျောက်စိမ်းစျေး) မှာ မြန်မာ ၊ တရုတ် ကုန်သည်တွေက ရောင်းဝယ်ကြတာလည်းဖြစ်ပါတယ်။