ဇူလိုင် ၉ ၊ ဝမ်ဟိုင်း
ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က မဟာမိတ်တပ်ဖြစ်တဲ့ တအောင်းလက်နက်ကိုင်တပ်ဖွဲ့ PSLF/TNLA ၏ လုပ်ရပ်များကို ကူညီထိန်းကြောင်းပေးရန် UWSP/UWSA ထံ အကူညီတောင်းခံထားတဲ့ စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
PSLF/TNLA နှင့် SSPP/SSA မဟာမိတ်များအကြား UWSP/UWSA နှင့် SSPP/SSA ဆက်ဆံရေးအခြေနေများကဲ့သို့ အပြန်လှန်လေးစားကူညီဖေးမမှု ရှိခြင်းဖြင့် ရှေ့ဆက်နိုင်ဖို့အတွက် UWSP/UWSA လူကြီးမင်းများရဲ့ ကူညီထိန်းကြောင်းပေးမှုလိုအပ်ကြောင်း SSPP/SSA ဒုဥက္ကဌ(၁) စဝ့်ခေးတိုင်း က လက်မှတ်ရေးထိုး အကူညီတောင်းခံထားတာလဲဖြစ်ပါတယ်။
၎င်းအကူညီတောင်းခံစာထဲမှာ PSLF/TNLA တပ်တွေက SSPP/SSA တပ်များအား (၄)ကြိမ်တိုင်တိုင် အစီအစဉ်ရှိရှိဖြင့် တဇွတ်ထိုးဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် တအောင်းလက်နက်ကိုင်တပ် TNLA ဘက်ကတော့ မြောက်ပိုင်းမဟာမိတ်တပ်တို့နှင့်အတူ စစ်အုပ်စုကို ဟန်ချက်ညီညီတိုက်ခိုက်နေစဉ် SSPP ခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးသည့်အတိုင်း အောက်ခြေတပ်တွေက နှောက်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန်နေတယ်လို့ဆိုထားပြီး ထိုလုပ်ရပ်များကို ရပ်တန့်ထိန်းသိန်းရန် ဇူလိုင်လ ၈ ရက်နေ့မှာ စာထုတ်ပြန် တောင်းဆိုထားပါတယ်။
PSLF/TNLA ကလည်း အခုလိုပေါ်ပေါက်လာတဲ့ ပြဿနာကို FPNCC ထံ တင်ပြထားပြီး အမြန်ဆုံးကြားဝင်ထိန်းသိမ်းညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် စောင့်ဆိုင်းလျက်ရှိနေကြောင်းလဲဆိုထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီတပ်နှင့် EAOs တပ်များကြား စစ်ရေးပြင်းထန်တင်းမာနေချိန် TNLA နှင့် KIA တပ်များကြား၊ SSPP နှင့် TNLA တပ်များကြားတွင် ၊ KIA နှင့် MNDAA တပ်များကြားမှာ နိုင်ငံရေး၊ နယ်မြေစိုးမိုးရေး၊ စီမံကိန်းနယ်မြေများထိန်းချုပ်နိုင်ရေးနှင့် အခွန်အကောက်တဲ့ အခန်းကဏ္ဍတွေကြား အငြင်းပွားမှုတွေကြောင့် ပစ်ခတ်မှုတွေထိရှိလာနေတာလဲဖြစ်ပါတယ်။