တာမခံကျေးရွာကိုမတ်လ၁၇ရက်နေ့တွင်စစ်ဘေးရှောင်များပြန်ဝင်ခွင့်ရမည်

တာမခံကျေးရွာကိုတွေ့ရစဉ်

မတ် ၁၄ ၊ တာမခံ 

KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ လက်ရှိ ထိန်းချုပ်ထားတဲ့ ဖားကန့်မြိုနယ် တာမခံကျေးရွာက စစ်ဘေးရှောင်တွေကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြန်လည်ဝင်ရောက်ခွင့်ပြုသွားမယ်လို့ စစ်ဘေးရှောင်များထံမှ စုံစမ်းသိရှိရပါတယ်။

“ ဟုတ်တယ် ၁၇ ရက်နေ့တဲ့ ၊ ၁၇ ရက်နေ့က သေချာသွားတယ်။ ဒီနေ့က EPC အဖွဲ့တွေကို အရင်ဆုံးဝင်ခိုင်းတာ ၊ ဓာတ်တိုင်တွေဘာတွေပြင်ခိုင်းတာ၊ အခုလောလောဆယ်ကတော့ နန့်စပိန်းရယ်၊ နန့်ရေတောင်ရယ်၊မှော်လုံရယ် အဲ့ကိုတော့ ဝင်ခွင့်ပေးထားပြီလို့ပြောတယ်” လို့ စစ်ဘေးတိမ်းရှောင်နေရသူတစ်ဦးကပြောပြပါတယ်။ 

လက်ရှိမှာ တာမခံကျေးရွာအနီးဝန်းကျင်က နန့်စပိန်း ၊ နန့်ရေတောင်၊ မှော်လုံ ၊ ခေါက်ခေါ စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်တွေကဟာ နေရပ်ပြန်ဝင်ခွင့်ရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 

တာမခံကျေးရွာသူ/သားတွေဟာ လေးထောင်နီးပါးဟာ  ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် နန့်လိုင်းစိုင်ကျေးရွာ၊ နမ့်ပါဟုတ်ကျေးရွာ ၊ ရွှေတောင်ကျော်ကျေးရွာ၊  အင်းတော်ကြီးဒေသနှင့်  မိုးညှင်းမြို့တွေဆီကို စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ပြန်ဝင်ခွင့်ရရင် မီးလောင်သွားတဲ့ နေအိမ်တွေကို ရှင်းလင်းဖို့ ၊ မြေကွက်များကို ပြန်လည်တိုင်းတာပြီး ခြံခတ်မည့်လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ စစ်ဘေးတိမ်းရှောင်နေသူ တစ်ဦးကပြောပါတယ်။ 

“ ပြန်ဝင်ကြမှာပေါ့အကုန်၊ တချို့အိမ်တွေပါသွားတဲ့ဟာတွေက မြေတွေပြန်တိုင်းရအုံးမှာလေ၊ ကိုယ့်မြေသူ့မြေပြန်တိုင်းပြီးမှ ခြံတွေပြန်ခတ်ရမှာ အဲ့တာကြောင့် ပြန်ရမှာပေါ့၊ လောလောဆယ်တော့ ရွှေလုပ်မယ့်ဟာကတော့ မပူနဲ့ လုပ်မယ့်ကိစ္စက မလုပ်ဘူးလို့ပြောတာပဲ” လို့ ၎င်းကဆိုပါတယ်။ 

တိုက်ပွဲတွေကြောင့် တာမခံ ရပ်ကွက် ၁ မှ ရပ်ကွက် ၇ အထိ နေအိမ် ငါးရာနီးပါးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မတ်လ ၈ ရက်နေ့အထိ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တာမခံစခန်းကုန်းကို စစ်ကောင်စီတပ်တွေ မတ်လ ၉ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တိုက်ပွဲပြီးဆုံးသွားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *