
ဩဂုတ် ၄ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲရပ်တန့်သွားပြီး တည်ငြိမ်မှုတွေရှိလာတာကြောင့် စပါးစိုက်ပျိုးရေးကို ပြန်စတင်နေပြီလို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။
“ အခုမှ လုပ်ကြတာ၊ စိုက်ကြပြီ ဘယ်လိုလဲဆိုတော့ ရုတ်ရုတ်နဲ့ ပြေးကြတော့ ပျိုးခင်းတွေက ကျွဲစားကုန်တာပေါ့ညယ် ။ စားကုန်ကြတော့ လူတွေက ပြန်ခဲ့ကြတော့ လုပ်ကြရတယ်။ မလုပ်တဲ့သူနဲ့ လုပ်တဲ့သူနဲ့ လုပ်တဲ့သူက များသွားတာပါ့” လို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပေပင်ကျေးရွာက တောင်သူတစ်ဦးက ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်မှာ ယခုနှစ်မိုးဦးကောင်းဒါကြောင့် ဇွန်လမှာ စိုက်ပျိုးဖို့ပြင်ဆင်နေတဲ့အချိန် တိုက်ပွဲဖြစ်ပွားတာကြောင့် လယ်ယာနဲ့ ကျွဲနွားတွေကို ထားရစ်ပြီး ထွက်ပြေးကြရတာလည်းဖြစ်ပါတယ်။
ဇူလိုင်လလယ်ကစပြီး တိုက်ပွဲပြန်ငြိမ်သွားကာ စစ်ပြေးရတဲ့ တောင်သူတွေများလည်း မိမိရပ်ရွာကိုပြန်ပြီး လယ်ယာလုပ်ငန်းကို ပြန်လှန်လုပ်ကိုင်နေကြတာလို့ သိရပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသက တောင်သူအများစု စပါးစိုက်ပျိုးရေးကိုပြန်လုပ်ကြပြီး တချို့က ကျန်းမာရေးအခြေအနေ ၊ ကြီးမြင့်နေတဲ့ ဒီဇယ်၊ဓာတ်မြေဩဇာနဲ့ မျိုးစေ့စျေးနှုန်းတွေကြောင့် မလုပ်ကိုင်ကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။
“ အိမ်ကမှာမလုပ်ဘူး ၊ သူများတွေမှာလုပ်တယ်။ ကျန်းမာရေးကလည်းမကောင်းကြဘူးဆိုတော့ အဲ့တာကြောင့် အိမ်ကလည်းမလုပ်တော့ဘူး” လို့ တောင်ပိုင်းဒေသက တောင်သူတစ်ဦးကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ်က တောင်သူတွေက ဒီနှစ်လယ်ယာလုပ်ငန်းတွေမလုပ်ကိုင်ရမှာကို စိုးရိမ်မှုတွေလည်းရှိခဲ့ကြပါတယ်။
“ ငါတို့အရပ်ဒေသမှာက ဘယ်လိုလဲဆိုရင် ဒါလေးကို မှီခိုအားထားရတာပေါ့ ၊ ပိုတဲ့ဆီမှာလိုတဲ့သူတွေဝယ်စားမယ်။ ဒါအဆုံးမှာ နည်းနည်းပါးပါးရောင်းရမယ်။ မလုပ်ရတဲ့သူတွေကိုလည်း မျှစားဝေစားရမယ်။ ဒါမလုပ်ရဘူးဆိုရင်တော့ အားလုံးထဲမှာ အခက်အခဲဟာကြုံရမှာပါ့။” ပေပင်ကျေးရွာက တောင်သူတစ်ဦးက ဆိုပါတယ်။
ဗန်းမောက်မြို့နယ်မှာ နှစ်စဉ်စပါးစိုက်ပျိုးတဲ့ ဧက သုံးသောင်းကိုးထောင်နီးပါးရှိနေပြီး စပါးတင်းပေါင်း ၃ သန်းခွဲကျော်ထွက်နေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။