ဇွန်၁၅၊ရန်ကုန်
စစ်အာဏာသိမ်းပြီးတဲ့နော် တိုက်ပွဲတွေအတွင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၃၈၂ ဦးသေဆုံးထားပြီး ကလေး ၂ သိန်း ၅ သောင်းကျော်က နေအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ ဇွန်လ ၁၄ ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အသက်မပြည့်သေးတဲ့သူနဲ့ ကလေး ၁၄၀၀ ကျော်လောက်ဟာလည်း မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
စစ်ကောင်စီက အသက် ၃ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရွယ်မရောက်သေးသူ အနည်းဆုံး ၆၁ ဦးကို ဓားစာခံအဖြစ် ထိန်းသိမ်းထားပြီး နှိပ်စက်ညှင်းပန်းခံခဲ့ရသူ ကလေးငယ် ၁၄၂ ဦး ရှိတယ်ဆိုတာကို ကုလသမဂ္ဂက အထောက်အထား တွေ့ရှိထားပါတယ်။
စစ်ကောင်စီဟာ ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေပြီး ကလေးသူငယ် လူ့အခွင့်အရေးတွေကို အကွက်ချ ကျူးလွန်နေတယ်လို့ သူ့အစီရင်ခံစာက ဆိုပါတယ်။
ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကို အကာအကွယ်ပေးဖို့အတွက် ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းညှိနှိုင်းပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ကြဖို့ အဲဒီအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။