မတ် ၁၄ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွှေညောင်ပင်၊ အောင်မြေ(၁)နှင့် အောင်မြေ(၂)ကျေးရွာအတွင်းမှာ ပိတ်မိနေတဲ့ ဒေသခံ နှစ်ထောင်ခန့်ကို ယမန်နေ့ မတ်လ ၁၃ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ပိတ်မိနေသူတွေ ကျန်ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးမှာ ပါဝင်လုပ်ဆောင်သူ ရှမ်းလူငယ်တစ်ဦးကပြောပါတယ်။
တိုက်ပွဲအတွင်း ပိတ်မိနေသူတွေဟာ ရက်သတ္တတစ်ပတ်နီးပါးရှိခဲ့ပြီး ရေနှင့်အစားအသောက် ပြတ်လပ်လုအချိန်မှ ကူညီကယ်ဆယ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
“ မနေ့က ရှောင်ခဲ့တာတော့ ရွှေညောင်ပင်ရယ်၊ အောင်မြေ(၂)၊ အောင်မြေ(၁) ဒီဘက် စုစုပေါင်း မနေ့ကတော့ လူဦးရေ နှစ်ထောင်နီးပါးတော့ ရောက်လာတယ်။ ဝိုင်းမော်မြို့ထဲ ရောက်နေတယ်။” လို့ ၎င်းက ဆိုပါတယ်။
ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကယ်ထုတ်ချိန်မှာ တောတောင်တွေထဲနှင့် ယာခင်းတွေဘက်ကို ရှောင်တိမ်းသွားသူတွေ မမီလိုက်တဲ့အတွက် လာရောက်ကယ်ထုတ်ပေးဖို့ အကူအညီတောင်းခံလာတာတွေ ရှိနေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ကယ်ထုတ်ပေးဖို့ ဆက်သွယ်လာတဲ့သူတွေ ရှိသေးတယ်။ ရွှေညောင်ပင်တို့ တောထဲ တောင်ထဲရောက်နေတဲ့သူလေ။ အဲ့ဒါ အခင်းတွေ ခြံတွေ ရောက်နေတဲ့လူတွေက ကယ်ထုတ်တဲ့အချိန်မှာ မမီလိုက်ရတဲ့ အဖွဲ့တွေ ရှိသေးတယ်” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို သိမ်ကြီးစုကျောင်းတိုက်၊ ဝန်းသိုကျောင်းတိုက်၊ ခတ်ချိုကျေးရွာက ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် ဝိုင်းမော်မြို့ပေါ်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း စတဲ့နေရာတွေမှာ တိမ်းရှောင်နေရပြီး
ဒေသခံတွေကသာ ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
မတ်လ ၇ ရက်နေ့မှစပြီး KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်မှာ ဝိုင်းမော် ၊ မိုးမောက် ၊ မြို့သစ် စတဲ့မြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၁၄ ရက်နေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။