



စက်တင်ဘာ ၂၅ ၊ ဟောင်ကောင်
တိုင်ဖွန်း ရာဂဆာ ဟာ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကို ဖြတ်ကျော်ခဲ့ပြီး လူ ၁၈ ဦးသေဆုံးခဲ့သလို ဒါဇင်များစွာသော လူတွေဟာ ဒဏ်ရာရရှိခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ မနေ့က ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်တုန်းပြည်နယ်ကိုဝင်ရောက်တာကြောင့် လူတစ်သန်းလောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
လူနေထူထပ်တဲ့ ပြည်နယ်တွေမှာ မုန်တိုင်းကို ကာကွယ်တားဆီးနိုင်ခဲ့တဲ့အတွက် မီးသတ်သမား ၃၈၀၀၀ နှင့် အရေးပေါ်အဖွဲ့ ၄၀၀ ကျော်ကို ပြင်ဆင်ထားကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။
တရုတ်အာဏာပိုင်တွေက တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ကွမ်တုန်း ၊ ဟိုင်နန် နဲ့ ၊ ဖူကျန်းတို့အတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဒေါ်လာ ၂၁ သန်းကိုလည်း ချထားပေးခဲ့ပါတယ်။
မနေ့က ဒေသစံတော်ချိန် ညနေ ၅ နာရီခန့် မှာ မုန်တိုင်းဟာ ဟောင်ကောင်ရဲ့အနောက်ဘက် ၁၄၅ မိုင်အကွာရှိ Guangdong ရဲ့ Hailing ဟိုင်လျိန် ကျွန်းပေါ်သို့ ဆိုက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
Ragasa သည် စက်တင်ဘာလ ၂၂ ရက်နေ့မှာ တစ်နာရီကို လေတိုက်နှုန်း ၁၆၅ မိုင်အထိ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး မုန်တိုင်းအဖြစ်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
တိုင်ဖွန်းမုန်တိုင်းသည် ဟောင်ကောင်ကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ရာနဲ့ချီသော သစ်ပင်များ ပြိုလဲကာ ကမ်းရိုးတန်းဒေသများ ရေလွှမ်းစေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညနေအထိ လူ ၉၀ ဒဏ်ရာရခဲ့ကြောင်း ဟောင်ကောင်အာဏာပိုင်များက ဆိုပါတယ်။
ဟောင်ကောင်ကျွန်းတဝှမ်းတွင် လူပေါင်း ၈၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗွီဒီယိုတွေမှာတော့ နေအိမ်တွေမှာ ပိတ်မိနေသူတွေ၊ ကယ်ဆယ်ဖို့ စောင့်ဆိုင်းနေကြသူတွေ၊ ရေကြီးမှုကြောင့် ကားတွေ သယ်ဆောင်သွားတာကို ဖော်ပြနေကြပါတယ်။
