နိုဝင်ဘာ ၁၃ ၊ ပူတာအို
တိုမ်းခမ်းတီကောလိပ် မြေနေရာကို ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် မြေနေရာ သတ်မှတ်ပြီး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ လောလောဆယ်ကျောင်းဖွင့်ဖို့အတွက်ကြတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်ရအုံးမှာပေါ့ ဒါပေမယ့်လည်း လူထုအားလုံးပါဝင်လာနိုင်ဖို့အတွက်ခြေလှမ်းတစ်လှမ်းအနေနဲ့ မြေနေရာရွေးချယ်ပြီးတော့ သတ်မှတ်တာပေါ့ အဲ့အပိုင်းပါပဲ၊ သင်ရိုးညွှန်းတမ်းအတွက်တော့ စပြီးလုပ်နေပါတယ်။” လို့ တိုင်းခမ်းတီစာပေယဉ်ကျေးမှု နည်းပညာတာဝန်ခံ စောနွဲ့ထွန်းနိုင်က ပြောဆိုပါတယ်။
တိုင်းခမ်းတီတို့ရဲ့ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနဲ့ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းဖို့နဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး လေ့လာနိုင်အောင် ရည်ရွယ်ပြီးတည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ သင်ရိုးညွှန်းတမ်းအတွက်ပြုစုထားမှုတွေလုပ်ဆောင်နေပြီး လူသားအရင်းအမြစ်အခက်အခဲ၊ ငွေကြေး နဲ့ နိုင်ငံရေးအခြေအနေ စတာတွေက စိန်ခေါ်မှုဖြစ်နေတယ်လို့ စောနွဲ့ထွန်းနိုင်က ဆိုပါတယ်။
တိုင်းခမ်းတီတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ တစ်သောင်းကျော်သာရှိနေပြီး ပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ရှိနေတဲ့ မျိုးနွယ်စုတစ်ခုလည်းဖြစ်ပါတယ်။