
ဧပြီ ၇ ၊ မိုးကောင်း
တိုင်းခမ်းတီလူမျိုးတို့၏ ခေတ်သစ်စာပေပညာရှင်လည်းဖြစ် ၊ ရိုးရာယဉ်ကျေးမှုတွေမှာ ဦးဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ စောနွဲ့ထွန်းနိုင် ဟာ ဧပြီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူရဲ့ မိသားစုဝင်တွေဆီကနေ သိရှိရပါတယ်။
အသက် ၆၅ အရွယ် ဦးစောနွဲ့ထွန်းနိုင်ဟာ ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲကျော်အချိန်မှာ မြစ်ကြီးနားမြို့မှာ ကွယ်လွန်ခဲ့ပြီး ရုပ်အလောင်းကို မိုးကောင်းမြို့နယ် ညောင်ကုန်းကျေးရွာသို့ သယ်ဆောင်ခဲ့ပါတယ်။
“ တိုင်းခမ်းတီအနေနဲ့ကတော့ လက်တစ်ဖက်ပြတ်သွားသလိုပေါ့၊ တောင်ပြိုသွားသလိုပဲ၊ ဦးဇင်းတို့ တိုင်းခမ်းတီတွေအတွက် စာပေယဉ်ကျေးမှုအမျိုးသားရေးတို့ယဉ်ကျေးမှုကိစ္စတို့ ဘယ်ကိစ္စကိုမဆို ရှေးဟောင်းစာပေက သမိုင်း သူကအစအဆုံးဘက်စုံရတဲ့အတွက် တန်ဖိုးဖြတ်လို့မရပါဘူး။ ပြောမယ်ဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှု ၊အခုမြန်မာပြည်မှာငလျင်လှုပ်သလိုပါပဲ တိုင်းခမ်းတီမျိုးနွယ်အတွက်က ငလျင်လှုပ်ပြီး ဆုံးရှုံးသွားတဲ့ပုံစံအတိုင်းပါပဲ” လို့ တိုင်းခမ်းတီ မန်ပန်ဆရာတော် ဝဏ္ဏဓမ္မ ကမိန့်ကြားပါတယ်။
ဦးစောနွဲ့ထွန်းနိုင်ဟာ ခေတ်သစ်တိုင်းခမ်းတီစာပေ တစ်မူတည်းဖြစ်ပေါ်လာရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
တိုင်းခမ်းတီ လူမျိုးတို့ရဲ့ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာကြာ ဆောင်ရွက်ခဲ့သူဖြစ်သလို တိုင်းခမ်းတီတေးသီးချင်း ၊ ကဗျာ အပုဒ်ပေါင်းများစွာက ရေးစပ်သီကုံးဖွဲ့နွဲ့ခဲ့သူဖြစ်ပါတယ်။
သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ တေးသီချင်းတွေထဲက “မိူင်းနွဲ့” ၊ “ကွန်းခေးတိုင်း” သီချင်းတွေဟာ ရှမ်းလူမျိုးစုတွေအကြား ထင်ရှားတဲ့တေးသီချင်းတွေလည်းဖြစ်ပါတယ်။
“တိုင်းခမ်းတီရာဇဝင်လာ သျှမ်းမျိုးနွယ်စုများသမိုင်းလေ့လာခြင်း” စာတမ်းကို တိုင်းခမ်းတီဆရာတော်များ ရေးသားရာတွင်လည်း ရှေးဟောင်းယဉ်ကျေးမှုနှင့် စာပေ ၊ဓလေ့ထုံးတမ်းစဉ်လာများ ပြုစုရေးသားရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဦးစောနွဲ့ထွန်းနိုင်ဟာ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံရှိ တိုင်းခမ်းတီမျိုးနွယ်စုများကို ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဦးစောနွဲ့ထွန်းနိုင်ဟာ သံလမ်းရိုးတစ်လျှောက် ရှမ်းနီအပါအဝင် ရှမ်းမျိုးနွယ်စုများကို လူမျိုးရေး နှင့် နိုင်ငံရေး အသိပညာဖွင့်ပေးသူတွေထဲက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။