နိုဝင်ဘာ ၅ ၊ ချင်းမိုင်
ယနေ့ဖြစ်ပျက်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ (PPST) က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ယနေ့နိုဝင်ဘာလ (၅) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် PPST က လက်ရှိ နိုင်ငံအကျပ်အတည်းဖြေးရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာသဘောထား စုစည်းနိုင်ရေးအတွက် ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်းလည်း ပြောဆိုထားသည်။
ချင်းပြည်နယ် ထန်တလန်မီးလောင်မှု ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက လူထု၏ အိုးအိမ် ၊ဘာသာရေးအဆောက်အဦးများ အပေါ်ပစ်မှတ်ထားတိုက်ခိုက်နေမှုကို အပြင်းအထန် ရှုတ်ချကြောင်း’နှင့် ကျူးလွန်သူများကို အရေးယူပေးရန်အတွက်လည်း တောင်းဆိုထားသည်။
စစ်ကောင်စီက ထန်တလန်ကိစ္စကို ငြင်းဆိုမှုများရှိနေပြီး အပစ်ရပ်ထားသည့် အဖွဲ့များထဲမှာ ကျောင်းသားများတပ်မတော် (ABSDF) ၏ တာဝန်ခံရုံးကို ဝင်စီးပြီး တချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။