
ဇန်နဝါရီ ၁၄ ၊ ဘန်ကောက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်ရတ်ချစီမာခရိုင်၊ စီခယူးဘူတာအနီးမှာ ဒီကနေ့မနက် (၉) နာရီ ဝန်းကျင်က ခုတ်မောင်းလာတဲ့ ရထားပေါ်ကို စီမံကိန်းသုံး ကရိန်းတစ်စင်းပြိုကျမှုကြောင့် လူ (၂၀) ကျော်သေဆုံးခဲ့ တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
အမြန်ရထားလမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ဆောက်လုပ်ရေး ကရိန်းတစ်စင်းဖြစ်ပြီး ဘူတာအတွင်းသို့ ဆိုက်ရောက်လာတဲ့ရထားပေါ်ကို ပြိုကျသွားခဲ့တာလို့ သိရပါတယ်။
ရထားတွဲ (၃) တွဲခန့် ပိမိကာလမ်းချော်ခဲ့ပြီး ရထားခေါင်းတွဲတွင်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကရိန်းရဲ့ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းတွေဟာ ကွန်ကရစ်တိုင်တွေပေါ်မှာရှိနေပြီး အောက်ဘက်ရှိ ရထားအပျက်အစီးတွေကနေ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။
ရထားပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်းအပါအဝင် (၁၉၅) ဦးလိုက်ပါခဲ့တာဖြစ်ပြီး (၈၀) ဦးဒဏ်ရာရရှိကာ လတ်တလောမှာ (၂၀) ဦးကျော်သေဆုံးထားသလို အရေအတွက်ထပ်တိုးလာနိုင်ခြေရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့များကဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ဓာတုပစ္စည်းယိုစိမ့်မှုများရှိနေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ် နားထားရတယ်လို့ သိရပါတယ်။
အဆိုပါ ရထားလမ်းဟာ (၂၀၁၈) ခုနှစ်မှာ ဘန်ကောက်ကနေ တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ဖို့ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တခုဖြစ်ပြီး အမေရိကန်ဒေါ်လာ( ၅.၄) ဘီလီယံတန် စီမံကိန်းတခုဖြစ် တယ်လို့ သိရပါတယ်။
