ထီးချိုင့်မြို့နယ်က တရုတ်စီမံကိန်းအနီးတိုက်ပွဲဖြစ်ပွားနေ

တကောင်းနီကယ်စက်ရုံအတွင်းပိုင်းကိုတွေ့ရစဉ် / ShanNi Voice

မတ် ၂၃ ၊ ထီးချိုင့် 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းက တရုတ်နိုင်ငံရဲ့ အကြီးစားစီမံကိန်းတစ်ခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံအနီးမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲ တွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ထီးချိုင့်က ဟိုနေ့က တောင်တစ်လုံးပြန်ရပြီ၊ ဒီနေ့(မတ်လ ၂၃) ရက်နေ့မှာ နီကယ်ကို ဝင်လုံးနေကြပြီလို့ကြားတယ်။ ပြောလို့တော့မရဘူး နီကယ်ကို ရရင်လည်း ရသွားနိုင်တယ်။ လေယာဉ်တွေနဲ့လည်း အဆက်မပြတ် လော်နေတယ်” လို့ ထီးချိုင့်မြို့နယ်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။ 

စစ်ကော်မရှင်တပ်ဟာ နီကယ်စက်ရုံစီမံကိန်းရှိရာ မောင်းကုန်းကျေးရွာကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ဆုတ်ခွာခဲ့ရတာဖြစ်ပြီး လုပ်ငန်းတွေလည်း အဲ့ဒီအချိန်ကတည်းက ရပ်နားထားတာဖြစ်ပါတယ်။ 

တကောင်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ထီးချိုင့်မြို့နယ်ဘက်ကို စစ်ကြောင်းတွေ စေလွှတ်ခဲ့တာပါ။ 

အဲ့ဒီနောက် စီမံကိန်းအနီးက ကျေးရွာတွေဖြစ်တဲ့ အင်းနက်၊ တိုးပင်၊ ညောင်ပင်သာ ကျေးရွာတွေကိုလည်း လေကြာင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ထီးချိုင့်မြို့ပေါ်ကလွှဲပြီး ကျေးရွာအားလုံးကို NUG နဲ့ KIA တို့က သိမ်းပိုက်စိုးမိုးထားတာ နှစ်နှစ်ကျော်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ 

စီမံကိန်းဟာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction ရဲ့ စီမံကန်းတစ်ခုဖြစ်ကာ အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *