အောက်တိုဘာ ၁၃ ၊ ထီးချိုင့်
ထီးချိုင်မြို့နယ်အတွင်းရှိ လေသာကျေးရွာ နှင့် အလယ်တောကျေးရွာမှ ရွာသူ/သားများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။
“ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာပြီးတော့ စစ်ဆေးတာတွေလုပ်တယ်၊ အိမ်ထောင်စုစစ်တာဆေးတာတွေလုပ်တယ်၊ အဲ့တာကြောင့်ပဲ ထွက်ပြေးကုန်ကြတာ ၊ တိုက်ပွဲဖြစ်မှာ စိုးလို့ ထွက်ပြေးကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အောက်တိုဘာလ (၁၀)ရက်နေ့တွင် လေသာကျေးရွာ နှင့် အလယ်တောကျေးရွာပတ်ဝန်းကျင်တွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်သွားသူများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။
“ ပြေးသွားရတော့ ဘယ်အဆင်ပြေကြမလဲ ၊ပါသွားတဲ့ ဆန်တွေနဲ့ ဖြစ်သလိုနေကြရတာပဲ ၊ပြန်ထွက်လာလို့လည်းမရသေးဘူးလေ “ ဟု ဒေသခံတစ်ဦးကဆိုသည်။
လေသာကျေးရွာ နှင့် အလယ်တောကျေးရွာတွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ကြပြီး ရှမ်းနီစာပေများကိုလည်း ၂၀၁၇ ခုနှစ်ကစပြီး သင်ကြားလာခဲ့သည့်ကျေးရွာများဖြစ်သည်။
လေသာကျေးရွာ နှင့် အလယ်တောကျေးရွာသည် ဝန်းသိုစော်ဘွား စဝ်အောင်မြတ် နှင့် ကိုလိုနီ အင်္ဂလိပ်များ တိုက်ခိုက်ပြီးနောက် တိမ်းရှောင်လာသည့် ဝန်းသိုစော်ဘွား၏ မှူးမတ်စစ်သည်များက ရွာတည်ခဲ့ခြင်းဖြစ်သည်။