ထီးချိုင့်မြို့နယ်အတွင်းရှိ NUG စိုးမိုးနယ်မြေထဲက ဂိတ်နေရာတွေ ဗုံးကြဲခံရ 

ဇွန် ၁၁ ၊ ထီးချိုင့် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာ NUG ရဲ့စိုးမိုးနယ်မြေထဲက ဂိတ်တွေဖွင့်လှစ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဒီတစ်ပတ် ကြဲတာ နှစ်နေရာပဲရှိတယ်။ ပေါက်ကုန်းနဲ့ တောမ၊ ကြူတောင်ပတ်လည် နဲ့ ပေါက်ကုန်းနဲ့ပဲကြဲတာ။ သူတို့ဂိတ်ဖွင့်တဲ့နေရာတွေ စခန်းချတဲ့နေရာတွေကိုကြဲတာပ။  ဟိုလိုစစ်ဆင်ရေးပုံစံလိုမျိုးထူးထူးရှားရှားမရှိပါဘူး” လို့ စိုးမိုးနယ်မြေအတွင်းနေထိုင်တဲ့  ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့ မှာ ထီးချိုင့်မြို့နယ်ထဲက  ပေါက်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့နဲ့ လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မရသိမ်ကျေးရွာအနီးတဝိုက်နဲ့ ကြူတောင်အနီးတဝိုက်ကိုလည်း ဇွန်လ ၇ ရက်နေ့ ည ၉ နာရီအချိန်မှာ နောက်ထပ်ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလလယ်မှာလည်း လေးရက်ဆက် ငပိချောင်းကျေးရွာအနီးတဝိုက်ရှိ မြတ်နိုးသူ သစ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ သစ်ကွင်းတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး လူအထိအခိုက်မရှိဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ 

ထီးချိုင့်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲရပ်နားသွားပြီးနောက် မြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီက စိုးမိုးထားပြီး ကျေးလက်ဒေသအားလုံးကိုတော့ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် (​ပကဖ)တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ 

ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူများဟာ ကာလရှည်ကြာလာပြီး အစားအသောက်ခက်ခဲလာမှုတွေကြောင့် မြို့ကနေ စွန့်ခွာမှုတွေ များပြားလာနေကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *