
ဒီဇင်ဘာ ၅ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားမှာ တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီး စစ်ဘေးတိမ်းရှောင်သူတွေ ပိုတိုးလာခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွဲနေတဲ့ PDF ၊ မဟာမိတ်ပူးပေါင်းတပ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲမှုဆက်တိုက်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“ မနေ့က လေယာဉ်နဲ့ လေယာဉ်နဲ့ ကျဲတာ တစ်နာရီကျော်တယ်။တချိန်လုံးကျဲ ၊ တစ်နေကုန်ကျဲတယ် ၊ ပက်ပက်စက်စက်ကျဲ ၊ ဒီနေ့တော့မဖြစ်ဘူး။ အဲ့တာ ဘယ်သူနိုင်တယ်ရှုံးတယ်မသိတော့ဘူး” လို့ စစ်ဘေးတိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
တိုက်ပွဲဟာ ထီးချိုင့်မြို့ပေါ်အပြင် ကြက်သွန်ခင်း ၊ ကုက္ကိုလ်ကုန်း ကျေးရွာ ၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြတောင်ကျေးရွာအနီးမှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“ ထီးချိုင့်ကတော့ စနေပြန်ပြီ။ ဒီရက်ပိုင်းအတွင်းမှ ပြန်စနေတာ လေယာဉ်တော့ နည်းနည်းစိပ်တာပေါ့အေ၊ ပေါင် ၅၀၀ ဗုံးကို ရှစ်လုံးလောက်ရှိပြီဒီမှာ” လို့ PDF များနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် အုတ်စုံ၊ မောင်းကုန်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင်ကျော်ရှိလာပြီး ၊ ဆံချည်တောင်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် နှစ်ထောင်ကျော် ရောက်ရှိလာတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ထီးချိုင့်မြို့နှင့် ၄ မိုင်ပတ်ဝန်းကျင်က ကျေးရွာများကိုလည်း PDF ထိန်းချုပ်ထားသည့် အလယ်တောကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ကြဖို့ PDF ဘက်က သတိပေးထားကြောင်း စုံစမ်းသိရပါတယ်။
ထီးချိုင့်မြို့ပေါ်ဒေသခံများက နိုဝင်ဘာလ ၈ ရက်နေ့ မှစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး တစ်လနီးပါးကြာမြင့်လာပေမယ့် မည်သည့်အကူအညီတစ်မျှ မရခြင်းကြောင့် စစ်ဘေးရှောင်များ စားဝတ်နေရေး ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ပြောဆိုနေကြပါတယ်။