မိုးညှင်း-အင်းတော်ကြီးကပ်ကျော်လမ်းရှိရေအားလျှပ်စစ်လုံခြုံရေးဂိတ်တိုက်ခိုက်ခံရ

မိုးညှင်း-အင်းတော်ကြီး ကပ်ကျော်လမ်းပိုင်းတစ်နေရာကိုတွေ့ရစဉ် Photo_ShanNi Voice

 ဒီဇင်ဘာ ၅ ၊ မိုးညှင်း

မိုးညှင်းမြို့ နှင့် အင်းတော်ကြီးဒေသ  လမ်းပိုင်းတစ်ခုဖြစ်တဲ့ ကပ်ကျော်လမ်းရှိ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့ ညသန်းခေါင်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီမှ သိရပါတယ်။ 

“  ငြိမ်သွားပြီ ရေအားလျှပ်စစ်နားကငြိမ်သွားပြီ ၊ အဲ့နားမှာ ပြည်သူ့စစ်စခန်းနဲ့ စစ်တပ်ပေါ့၊ ပြည်သူ့စစ်က နည်းနည်းပါ့ထင်တယ်ကော ၊  ည ၁ နာရီလောက်ကို ပစ်တယ်​ – ၂ နာရီကျော်ကို ငြိမ်သွားပြီ” လို့  တိုက်ပွဲနှင့်အနီးဆုံးကျေးရွာဖြစ်တဲ့ အုန်းစံဆိုင်ကျေးရွာသား တစ်ဦးက  ရှမ်းနီအသံကို ပြောပါတယ်။ 

မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း) အတွက် သီးသန့်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ် ကို လုံခြုံရေးယူထားတဲ့ ဂိတ်တစ်ခုဖြစ်ပြီး  မိုးညှင်းဒေသခံပြည်သူ့စစ် နှင့် ခလရ (၁၅) တပ်ရင်း တို့ပူးပေါင်းလုံခြုံရေးယူထားတာလည်းဖြစ်ပါတယ်။  

ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းအချိန်မှာ လက်နက်ကြီးပစ်ခတ်မှုတချို့ရှိနေပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ ဒေသခံတွေ မသိရှိရသေးဘူးလို့ ပြောဆိုနေကြပါတယ်။ 

“ အခုတောင်မှ ပင့်သာက ပင်းဟဲအနောက်ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။စခန်းကတော့ မီးလောင်တာတွေမရှိဘူးပေါ့လေ၊ လမ်းမှာတော့ ဆိုင်ကယ်တစ်စီးမီးလောင်ထားတာရှိတယ်။ အခုစစ်တပ်တွေကတော့ ပြန်တက်သွားနေကြပြီ၊အသေးစိတ်မသိရသေးဘူး။ ဘယ်လိုဖြစ်ကြသလဲဆိုတာ” လို့ ၎င်းက ဆက်လက်ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားသည့် ရေအားလျှပ်စစ်နေရာဟာ  မိုးညှင်း-အင်းတော်ကြီးဒေသ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ သွားလာမှုတွေရပ်တန့်နေတယ်လို့ သိရပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်အတွင်းမှာလည်း KIA+PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အနည်းငယ်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *