
ဧပြီ ၂၃ ၊ နေပြည်တော်
ဒုတိယသမ္မတအဖြစ် (၉)နှစ်တာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို မနေ့က ဧပြီလ(၂၂)ရက်နေ့မှာ တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်လာပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးကြောင့် အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး သူက (၂၀၁၆)ခုနှစ်ကနေ NLD အရပ်သားအစိုးရလက်ထက်မှာ ဒုသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
သူဟာ အသက်(၆၅)နှစ်ရှိပြီဖြစ်တဲ့ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သော ပထမဆုံးသောဒုတိယသမ္မတလည်း ဖြစ်ခဲ့ပါတယ်။
အစောပိုင်းကာလတွေမှာ တပ်မတော်မှာ ဗိုလ်မှူးအဆင့်နှင့်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် (၂)လနီးပါး၊အဲ့ဒီနောက် ဧပြီလ(၂၂)ရက်နေ့အထိ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းဆီးခံရမှုထဲမပါဝင်ခဲ့ပဲ အဲ့နောက်ပိုင်းကျင်းပတဲ့ ကာလုံအစည်းအဝေးပွဲ (၃)ကြိမ်ကိုလည်း ကျန်းမာရေးအခြေအနေအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
အဲ့ဒီလို (၂)နှစ်ခွဲနီးပါး ငြိမ်သက်ပျောက်ကွယ်နေပြီး ၂၀၂၃ခုနှစ် ဇူလိုင်(၃၁)ရက်နေ့မှာကျင်းပတဲ့ ကာလုံအစည်းအဝေးပွဲကိုတော့ တက်ရောက်ခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက သူ့ကို ၂၀၂၃ သြဂုတ်လ(၉)ရက်နေ့မှာ ပါတီကနေထုတ်ပယ်ခဲ့ပါတယ်။