ဟုမ္မလင်းမြို့နယ် တော်စီကျေးရွာရှိ နမ့်စကားချောင်းအတွင်းရွှေမျှောလုပ်ကိုင်နေမှုကို တားဆီးပေးရန် အတွက် ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများသို့ တင်ပြထားသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသေးဟု ဒေသခံ များကဆိုသည်။
အစိုးရက ချထားပေးသည့် တစ်နိုင်တစ်ပိုင်ရွှေလုပ်ကွက်တူးဖော်နေမှုသည် ကျေးရွာသူ/သားများက တားမြစ်ထားသည့် နေရာတွင် ကျရောက်နေသောကြောင့် လက်မခံနိုင်ကြောင်း တော်စီကျေးရွာသားများက ရှမ်းနီအသံကိုပြောဆိုသည်။
“တောင်သူတွေရဲ့တိုင်စာတော့ လျစ်လျူရှုထားကြသလားပ” ဟုဒေသခံ စိုင်းဇော်လွင်ထွန်းက ဆိုသည်။
ထိုကျေးရွာရှိ နမ့်စကားချောင်း ဘေးဝဲယာတွင် ရွှေမျှောလုပ်ကိုင်မှုများကို ရွာသားများက ၂၀၁၂ ခုနှစ်က တည်းက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် နှင့် ၂ဝ၂ဝ ခုနှစ်အစောပိုင်းတွင်လည်း ဌာနဆိုင်ရာများကို နမ့်စကားချောင်းဘေးဝဲယာရွှေတူးဖော်မှုများနှင့်ပတ်သက်ပြီး ကန့်ကွက်စာ တင်ပြထားကြောင်းသိရသည်။
“ အုပ်ချုပ်ရေးမှူးကော ဆရာတော်တွေရော တစ်ရွာလုံးဝိုင်းလို့တားတာလည်းမရဘူး တစ်နိုင်တစ်ပိုင်ကုမ္ပဏီက သူများလယ်ကွက်ထဲမှာကြီး တစ်နိုင်တစ်ပိုင်က” ဟု တော်စီကျေးရွာမှ ဦးဖိုးလုံးက ရှမ်းနီအသံကိုပြောကြားသည်။
၂ဝ၂ဝ ခုနှစ်တွင် မေလ ၁၀ ရက်နေ့တွင် တော်စီကျေးရွာနှင့် ခုံတန်းကြီးကျေးရွာကြားရှိ တော်စီကျေးရွာပိုင်ဒေါ်အီမိုးလယ်ကွက်အနီးတွင် တစ်နိုင်တစ်ပိုင်ရွှေမျှောများလာရောက်တူးဖော်မှုများပြုလုပ် ခဲ့သောကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ဌာနဆိုင်ရာများကို ကန့်ကွက်ကြောင်းစာပြန်လည်တင်ခဲ့သည်။
“နမ့်စကားချောင်းကနေဝင်ပြီးတိုက်တာ နမ့်စကားချောင်းရော ချောင်းဘေးဝဲယာရောမတိုက်ဖို့တားထားတာလေ ။ သူတို့အဓမ္မဝင်လို့တိုက်တာပေါ့ ။ သူတို့အထောက်အထားက ရှိလားမရှိဘူးလားဆိုတာမသိဘူး။ မြို့နယ်ကိုလည်း စာတင်ထားတယ်” ဟု ၎င်းကဆိုသည်။
မေလ ၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ဒေါ်နန်းမွှေးမွှေးခင်က ထိုရွှေမျှောတူးဖော် နေမှုကို တိုင်တန်းစာ လာရောက်တင်ရန်ပြောဆိုသောကြောင့် သွားရောက်တင်ထားပြီဖြစ်ကြောင်း သိရသည်။
“ ရွှေ၊ သတ္ထုတူးဖော်ခွင့်ဧရိယာသတ်မှတ်ထားတာရှိတယ်။ ပြည်ထောင်စု အစိုးရကနေတိုင်းကိုချပေးထားတာ အဲ့ဒီအဝိုင်းအဝန်းထဲမှာပေါ့ သူတို့ သတ္ထုတူးဖော်ခွင့် ချပေးထားတဲ့အဝိုင်းအဝန်းထဲမှာပါရင်တော့ ကန့်ကွက်ဖို့ ရာခဲရင်းတယ်။ ဒါပေမဲ့လို့ ကန့်ကွက်မယ်ဆိုလည်းဖြစ်တယ်။ဘာကိုမူတည်သလဲလို့ပြောရင် လုပ်ဆောင်တဲ့သူတွေပေါ်မှာမူတည်တယ်။ စွမ်းစွမ်းတမံနဲ့အားစိုက်ခွန်စိုက် လုပ်ဆောင်နိုင်ရင်တော့ အောင်မြင်နိုင်တယ်။ တားလို့ရတယ်။” ဟု တစ်နိုင်တစ်ပိုင်ရွှေလုပ်ကွက်များအရေးဆောင်ရွက်ပေးနေသူ ဒေါ်စန်းစန်းဝင်းကဆိုသည်။
တော်စီကျေးရွာသည် အိမ်ခြေ(110) ရှိပြီး လူဦးရေ(600)ကျော် ရှိပါသည်။လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် ကျေးရွာရှိ လယ်ယာမြေကို မှီခိုနေရကြောင်းသိရသည်။