ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ကို ဖမ်းဝရမ်းထုတ်မှု ပြန်သုံးသပ်ဖို့ NLD ပါတီဆို

ဖေဖော်ဝါရီ ၂၇ ၊ အာဂျင်တီးနား

ရိုဟင်ဂျာတွေကိုလူမျိုးသုဉ်းသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာကို ပြန်လည် သုံးသပ်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ဒီနေ့မှာပဲထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

တရားရုံးအနေနဲ့ ဖမ်းဝရမ်းထုတ်ခဲ့သူ ၂၅ ဦးအထိရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်ပိုင်းဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူ (၂၃ ) ဦးပါဝင်တာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးရှင်းလင်းခဲ့ရာမှာ အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ တပ်မတော်၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတို့ ရှိမနေဘဲ ကာကွယ်ရေးဦးစီးချုပ်ကနေ တိုက်ရိုက်စီမံခန့်ခွဲတယ်လို့ NLD ပါတီကဆိုပါတယ်။ 

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ထုတ်လိုက်ခြင်းအားဖြင့် စစ်တပ်ရဲ့ တာဝန်ခံမှုကို မှေးမှိန်သွားစေပြီး တရားမျှတမှုကိုမေးခွန်းထုတ်စရာဖြစ်နေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ 

ဒါ့အပြင် တရားရုံးဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်ကို လေ့လာထည့်သွင်းမှုကို ပျက်ကွက်ခဲ့ရင် တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ အဂတိကင်းမှုအပေါ် ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။ 

NLD ပါတီအနေနဲ့လည်း ဖမ်းဝရမ်းထုတ်ခံရတဲ့ ခေါင်းဆောင် နှစ်ဦးအတွက် Justic Seeking Committee for Daw Aung San Su Kyi and U Htin Kyaw /တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပြီး အားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ 

NUG ကလည်း  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကနေ ထုတ်ပယ်ပေးဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က ၂၀၁၉  ခုနှစ်မှာ  အသနားခံစာဖြင့် အမှုဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *