ဧပြီ ၁၀ ၊ ဖားကန့်
ဧပြီလ (၉)ရက်နေ့ မနက်ပိုင်းကနေ ယနေ့ ဧပြီလ (၁၀)ရက်နေ့ အထိ စစ်ကောင်စီတပ် နဲ့ KIA+PDFတို့ တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်-မိုးကောင်း လမ်းပိုင်းပေါ်က နန့်ယားကျေးရွာအတွင်းမှာ ကျေးရွာသူ/သား(၂၀၀)ကျော်ခန့် ပိတ်မိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ ကချင်ဘက်ကလား တပ်ဘက်ကလားတော့မသိဘူး တစ်နေရာတည်းစုခိုင်းထားတယ်တဲ့ ကျွန်မထင်တာတော့ ကချင်ဘက်ကစုခိုင်းထားတာထင်တယ် ကာဗာယူထားတာလေ အေ့လိုပုံစံပဲ ဘာလို့ဆိုသူတို့လူထုနဲ့နေထားတော့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ဘယ်လိုမှမချခဲ့လောက်ဘူးပေါ့လေ” ဟု နန့်ယားကျေးရွာအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဲ့ဒီလို စုစည်းပိတ်မိနေသူက (၂၀၀)ခန့်ရှိပြီး နေအိမ်အတွင်းရှိ ကတုတ်ကျင်းတွေမှာ ပုန်းခိုနေသူများလည်းရှိနေတယ်လို့သိရကာ စုစုပေါင်း(၂၀၀)ကျော်ပိတ်မိနေတာလည်း ဖြစ်ပါတယ်။
တချို့ ထွက်ပြေးသွားနိုင်တဲ့ ကျေးရွာသားများကတော့ တောတောင်တွေထဲမှာ အနီးနားရှိ ကျေးရွာတွေမှာ နဲ့ ကားမိုင်းမြို့ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
“ တိုက်နေတုန်းပဲ အခြေအနေကဘယ်လိုမှမကောင်းသေးဘူးလို့ပြောတယ် အကြီးအကျယ်ဖြစ်နေတာ သုံးလေးရက်လည်းကြာချင်ကြာသွားမယ် ပြောလို့မရဘူး’ဟု ယနေ့နေ့လည်(၁)နာရီအချိန်ထိ နောက်ဆုံးအခြေအနေကို ၎င်းကဆက်ပြောပြပါတယ်။
ပူးပေါင်းတပ်ဖွဲ့များဘက်က နန့်ယားကျေးရွာတွင်းမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပြီး စစ်ကောင်စီစခန်းအား သိမ်းယူနိုင်ခြင်းတော့မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအပြင်ဘက်ကနေ တိုက်ခိုက်မှုများ၊ လေယာဉ်များဖြင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်း နန့်ယားကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားပြီး ဖားကန့်-မိုးကောင်းလမ်းပိုင်း သွားလာမှုတွေလည်း ရပ်တန့်မှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။