လွယ်ကျယ်မြို့သိမ်းပိုက်ခံရပြီးနောက်ကုန်သွယ်မှုရပ်နား

 

ဧပြီ ၁၀ ၊ ဗန်းမော် 

တရုတ်-မြန်မာနယ်စပ် လွယ်ကျယ်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်သွယ်မှုရပ်နားသွားကာ ဖရဲ နှင့် ငှက်ပျော တင်ပို့မှုများလည်း ရပ်နားနေရတယ်လို့ စုံစမ်းသိရပါတယ်။

“   ဗတရုတ်က ပိတ်တယ်လို့တော့ စာတွေဘာတွေထုတ်တာမတွေ့ဘူး။ သိမ်းသွားတယ် ပြုသွားတယ်​ဆိုတော့ မတက်တက်ဘူးပေါ့။  ပိတ်ထားတာတော့မဟုတ်ဘူး  တစ်ဖက်သိမ်းသွားတော့ အလိုလိုနေရင်း ကားတွေကရှိန်နေလို့လား ဘာလို့လည်းမသိဘူး မသွားကြ မလာကြဘူးဆိုတာတွေ့ရတယ်” လို့ ဗန်းမော် ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိအချိန်မှာ ဗန်းမော်မြို့ကနေ လွယ်ကျယ်မြို့ကိုသွားမယ့် လမ်းပိုင်းအားလုံးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ယာဉ်သွားလာမှုလုံးဝမရှိတော့ကြောင်း သိရပါတယ်။ 

ဒါ့အပြင် တိုက်ပွဲကြောင့် ငှက်ပျော နဲ့ ဖရဲ သီးတင်ကားတွေဟာ ဗန်းမော်အနီးမှာ ရပ်နားထားရတာ ရက်ဆယ်နှင့်ချီကြာမြင့်လာတာ ကြောင့် ဗန်းမော်မြို့ခံတွေကို အလကားဝေပေးခဲ့တယ်လို့ သိရပါတယ်။ 

“ ငှက်ပျောသီးနဲ့ ဖရဲသီးကတော့ ပုတ်လို့ ဗန်းမော်ထဲမှာ ဝ အောင်စားနေရတာပဲ။  ဗန်းမော်ထဲမှာ ငှက်ပျောသီးလိုက်ဝေနေတယ်။ ဖရဲသီးလည်း စျေးချိုချိုနဲ့လိုက်ရောင်းပေးနေတာပဲ” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။ 

လွယ်ကျယ်မြို့ ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၉ ရက်နေ့မှာ အပြီးသတ် ထိန်းချုပ်လိုက်တာဖြစ်ပြီး နယ်စပ်ဂိတ်က မြန်မာနိုင်ငံဆိုင်းဘုတ်ကိုလည်းဖြုတ်ချလိုက်ပါတယ်။ 

ဒီနယ်စပ်ဂိတ်ကနေ ကချင်ပြည်နယ်အတွင်းက ထွက်တဲ့ ဆန် ၊  ပြောင်း ၊​တစ်ရှူးငှက်ပျော၊ ဖရဲ နဲ့ ရော်ဘာ အများဆုံးတင်ပို့ ရောင်းချတာဖြစ်ပြီး တစ်ဖက်နိုင်ငံကနေ မြေဩဇာ၊ လယ်ယာသုံးပစ္စည်း၊ ချည်ထည်  နဲ့ စက်ပစ္စည်းများ  ပြန်တင်သွင်းတာလည်းဖြစ်ပါတယ်။ 

၁၉၉၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ဖွင့်လှစ်ခဲ့တဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးကနေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၁၂၀ ရှိခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *