ဟုမ္မလင်းမြို့နယ်တိုက်ပွဲများအတွင်း SNA တပ်စခန်းမကျသလိုတပ်သားများလက်နက်ချခြင်းလည်းမရှိခဲ့လို့ဆို

ဟုမ္မလင်းမြို့နယ်အတွင်း SNA တပ်မဟာ ၈၉၁ တပ်ရင်း ၄ တွင်ပြုလုပ်သည့် သင်တန်းဆင်းပွဲတစ်ခုကိုတွေ့ရစဉ်

ဧပြီ ၁၀ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်စပ်ကျေးရွာများတွင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ တပ်စခန်းများ မကျသလို တပ်သားများလည်း လက်နက်ချသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း SNA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  

“  ယမန်နေ့ က သတင်းအချို့မှာ ဖော်ပြတဲ့ ဖြစ်စဥ်တွေ မဟုတ်မှန်ဘူး ဝါဒဖြန့်သက်သက်ဖြစ်တယ်။ SNA တပ်စခန်းမကျဘူး ” လို့ SNA ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဧပြီလ ၈ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၊ ပြည်သူ့စစ်(ပျူစောထီး) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ၉ ရက်ကြာ တိုက်ပွဲအပြီး SNA က လက်နက်ချခဲ့တယ်လို့ မီဒီယာတချို့ဖော်ပြခဲ့တဲ့ကြပါတယ်။ 

ဒါ့အပြင် ဧပြီလ ၉ ရက်နေ့မှာလည်း ဟုမ္မလင်းမြို့နယ် ဆယ်ဇင်းကျေးရွာမှာလည်း စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တချို့ လက်နက်နဲ့ အလင်းဝင်မှုရှိခဲ့ပြီး SNA တပ်သားတချို့လည်း ပါဝင်တယ်လို့ ရေးသားဖော်ပြမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ 

“ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ ပျံ့ကျဲပြီးတော့ဖြစ်တာ ၊ လက်နက်တွေနဲ့(ဘောက်လိုက်)  အတွဲလိုက် တစ်ဖက်သတ်ပစ်ခတ်နေတာ၊ တိုက်ပွဲဖြစ်တာလို့ပြောလို့မရသေးဘူး၊ ရဲစခန်းသိမ်းတာဆိုတာလည်း တစ်ဝက်လောက်က သူတို့ ( KIA) ဘက်က အလင်းသွားဝင်တာ” လို့ ဆယ်ဇင်းတစ်ဖက်ကမ်းရှိ ရွှေပြည်မြင့်ကျေးရွာဒေသခံ တစ်ဦးကပြောပါတယ်။ 

SNA ဟာ  ရှမ်းနီဒေသအတွင်း ပြည်သူလူထုအတွက်  တည်ငြိမ်အေးချမ်းရေးတည်ဆောက်နေပြီး တစ်ဖက်မှာလည်း ရှမ်းနီနယ်မြေအတွင်း အဓမ္မ ပြုမူဆောင်ရွက်တာမှန်သမျှကိုလည်း လက်တုန့်ပြန်တိုက်ထုတ်သွားမယ်လို့ ၎င်းက ဆိုပါတယ်။ 

” SNA ဟာ  ရှမ်းနီလူထုအပေါ် ဘယ်အခါမှ သစ္စာမဖောက်ခဲ့သလို ဘယ်တော့မှလည်း သစ္စာဖောက်မှာမဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းရဲ့ သြဇာခံမဟုတ်သလို ၊ရှမ်းနီနယ်မြေကို မတရားကျူးကျော်သိမ်းပိုက်ပြီး ရှမ်းနီလူထုက်ို အဓမ္မပြုမူဆောင်ရွက်တာတွေကို လက်တုန့်ပြန်သွားမယ်လို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း ၊ခန္တီး ၊ တမူး၊  ဖောင်းပြင်၊ ဗန်းမောက်၊ ပင်လည်ဘူး နှင့် ကချင်ပြည်နယ်အစပ်ဒေသတွေမှာ လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *