နမ့်တာလုံကမ်းဘေးက ရှမ်းနီများကျင်းပသည့်  ရှမ်းအမျိုးသားနေ့ 

နမ့်တာလုံ (ချင်းတွင်းမြစ်) ဟာ မောင်းခမ်းရွာလေးဘေးကဖြတ်စီးနေသည်။ မြစ်တစ်ဖက်ကမ်းမှာ မြင့်မားတဲ့တောင်တန်းတွေ ကာရံထားသလို တစ်ဖက်မှာတော့ လက်ဖက်ခင်းတွေနဲ့ ရှမ်းနီရွာစဉ်တွေအစီအရီတည်ထားသည်။ အထက် ချင်းတွင်းမြစ်ကမ်းဘေးက ရှမ်းနီရွာများသည် ငြိမ့်ငြိမ့်လေးစီးတဲ့မြစ် ၊ စိမ်းစိုနေတဲ့ တောတန်းတွေနဲ့ နေထိုင်ဖြတ်သန်းလာကြတာ ရာစုနှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။

ရှမ်းယဉ်ကျေးမှုဓလေ့အရိပ်အငွေ့များနဲ့ ရှမ်းစော်ဘွားတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အစဉ်တည်ရှိခဲ့ပြီး  ကိုလိုနီအင်္ဂလိပ်တွေလက်ထပ်မှာလည်း ရှမ်းစတိတ်(Shan State) အဖြစ်တည်ရှိခဲ့သည့်နယ်မြေများဖြစ်သည်။ လွတ်လပ်ရေးရယူပြီးကာလမှ ရှမ်းစတိတ်များမရှိတော့ဘဲ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များ၊ ကချင်ပြည်နယ်က အဖြစ်သို့ရောက်ရှိလာခဲ့သည်။ သောင်သွပ် နှင့် ခန္တီး တို့ကို ရှမ်းစတိတ်အဖြစ်မှ ပယ်ဖျက်ပြီး ဟုမ္မလင်း နှင့် ခန္တီးမြို့နယ်များအသွင်သို့ ပြောင်းလဲခဲ့ရသည်။

စစ်ကိုင်းတိုင်းအဖြစ်သို့ရောက်ရှိလာသည့်အခါ ပြည်မအုပ်ချုပ်ရေးများအတိုင်း အုပ်ချုပ်မှုများက စတင်ခဲ့ပြီး ရှမ်းနီ၊ရှမ်းရိုးရာဓလေ့များသည်လည်း ဖိနှိပ်ခံရမှုများစွာနှင့်ကြုံတွေ့ရသည်။ ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့၊ ထုံးတမ်းများကို ဖော်ထုတ်ခွင့်၊ ထိန်းသိမ်းခွင့်မရအောင် အိမ်စောင့်အစိုးရ ၊ တော်လှန်ရေးအစိုးရ ၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ စသည့် ခေတ်များမှစပြီး စစ်အစိုးရလက်ထပ်ထိတိုင် လုပ်ဆောင်မှုများက ကန့်သတ်ပိတ်ဆို့ခံခဲ့ရသည်။

အောက်မြန်မာပြည်မှာ တက္ကသိုလ်လာတက်ကြသည့် ရှမ်းနီလူငယ်များက ရှမ်းပြည်က ရှမ်းတို့နှင့် ထိစပ်ခွင့်ရပြီး  တက္ကသိုလ်များတွင် နှစ်စဉ်ကျင်းပသည့်  ရှမ်းအမျိုးသားနေ့ ကို ရှမ်းနီဒေသများတွင်  ၁၉၇၀ ဝန်းကျင်မှာ စတင်ကျင်းပခဲ့ကြသည်။ ဟုမ္မလင်းမြို့နယ်အတွင်းက ကတ်သာကျေးရွာ ၊ မောင်းခမ်းကျေးရွာ အပါအဝင် ၁၀ နှစ်တာကာလအထိ ကျင်းပခွင့်ရရှိခဲ့ကြသည်။

အထက်ချင်းတွင်းဒေသများတွင် ရှမ်းအမျိုးသားစိတ်ဓာတ်များနိုးကြားရေး၊ ယဉ်ကျေးမှုများထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ပြီး အခုပွဲများကိုကျင်းပခဲ့ကြသော်လည်း နောက်ဆုံးတွင် စာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဖျက်သိမ်းခံရပြီးနောက် ရှမ်းအမျိုးသားနေ့သည်လည်း အထက်ချင်းတွင်းဒေသကျင်းပမှု ဆိတ်သုဉ်းသွားခဲ့ရသည်။

အထက်ချင်းတွင်းဒေသတွင် ရှမ်းအမျိုးသားနေ့ ကျင်းပသမိုင်းတွင်  နောက်ခံအကြောင်းအရာများလည်း ဆက်စပ်နေသည်။ အထက်ချင်းတွင်းဒေသသည် ရှမ်းစတိတ်အဖြစ်တည်ရှိနေခဲ့ပြီး လွတ်လပ်ရေးကာလ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးမှာ ပါဝင်ခဲ့သည့် ရှမ်းစော်ဘွားများ၏ အခန်းကဏ္ဍလည်းရှိသည်။

နောက်တစ်ချက်အနေဖြင့် ရှမ်းနီကျောင်း/သူများ၏ ရှမ်းပြည်က ကျောင်းသားသူများနှင့်ဆက်စပ်ပြီး အမျိုးသားရေး လှုပ်ရှားမှုတွင်ပါဝင်ကြပြီး  အထက်ချင်းတွင်းနယ်များတွင်လည်း ပြန်လည်ပြုလုပ်ကြသည့် နောက်ခံဖြစ်သည်။ နောက်ဆုံးနောက်ခံအကြောင်းအရာက မြန်မာပြည်တွင်းရှိ “ရှမ်း” ဆိုသည့်ခေါင်းစဉ်အောက်မှ စုစည်းမှုတစ်ခုအဖြစ် ကျင်းပသည့်အခန်းအနားတစ်ခုဖြစ်သည်။ ထိုအချက်များသည်က ရှမ်းနီဒေသများတွင် “ရှမ်းအမျိုးသားနေ့”ကျင်းပကြသည့်နောက်ခံအကြောင်းအရာများဖြစ်သည်ဟု သမိုင်းနှင့်နိုင်ငံရေးလေ့လာနေသည့် ရှမ်းနီလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

ဒီနေရာတွင် ရှမ်းအမျိုးသားနေ့အကြောင်းအနည်းငယ် ဖော်ပြလိုပါသည်။ ဖေဖော်ဝါရီလ (၇)ရက်နေသည့် ပြည်ထောင်စုနေ့ဖြစ်လာစေမည့် အရေးကြီးသည့်နေ့ တစ်ရက်ဖြစ်ကြောင်း နိုင်ငံတဝန်းကမေ့ထားကြသည်။ ပင်လုံစာချုပ်၏ အရင်းခံသည်က ဖေဖော်ဝါရီလ (၇)ရက်နေ့ ရှမ်းစော်ဘွားများ၏ သဘောတူညီဆုံးဖြတ်ချက်များပင်ဖြစ်သည်။ ထိုနေ့တွင် ဝါစိမ်းနီ ရှမ်းအလံ၊ ရှမ်းအမျိုးသားသီချင်းများကို အတည်ပြုကြသည်ဟုဆိုသော်ငြားလည်း ရှမ်းတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ၊ ရှေ့မျှော်မြင်မှုများကိုတွေ့မြင်ရသည့် ရက်တစ်ခုလည်းဖြစ်သည်။

ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်နေ့၊ ရှမ်းပြည်အမျိုးသားများနေ့ သဖြင့်အမျိုးမျိုးခေါ်ဝေါ်လာပြီး ရည်ရွယ်ချက်များလည်းမေ့ပျောက်ကုန်ကြသည်။ ကွဲပြားမှုများစွာလည်းယနေ့တိုင်ဆက်ရှိနေဆဲပင်ဖြစ်သည်။ ရှမ်းအမျိုးသားနေ့သည့် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းများအတွက်သာသက်ဆိုင်ပြီး ရှမ်းပြည်ပြင်ပရှိရှမ်းများနှင့်မသက်ဆိုင်ဟုလည်း ပြောဆိုမှုများရှိသည်။ဒါ့အပြင် ရှမ်းပြည်နယ် အတွင်းရှိ ရှမ်းများသာမကတခြားသော လူမျိုးစု၊ မျိုးနွယ်စုများနှင့်လည်း သက်ဆိုင်သည်ဟုပြောဆိုမှုများလည်းရှိသည်။ မည်သို့ပင်စိုစေကာမူ ဖေဖော်ဝါရီ (၇)ရက်နေ့ ပြည်ထောင်စုအတွက် အရေးကြီးသည့် နေ့တစ်ရက်အဖြစ် သမိုင်းမှတ်တမ်းတွင်ဖျောက်ဖျက်မရသည့် ရက်စွဲတစ်ခုလည်းဖြစ်ပေသည်။ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကြာမြင့်လာသည့် ပြည်ထောင်စုအတွင်းတွင် အုပ်စိုးသူအဆက်ဆက်၏ ဖိနှိပ်မှုများကြောင့် ရှမ်းနီ ၊​ရှမ်း နှင့် တိုင်းရင်းသားမျိုးနွယ်များ၏ သမိုင်း၊ ယဉ်ကျေးမှုများသည်က တဖြည်းဖြည်းမှေးမှိန်လာနေသည်။

“ရှမ်းအမျိုးသားနေ့” အကြောင်းပင် ရှမ်းတိုင်းမသိတော့သည့်အခြေအနေတစ်ရပ်တွင်ရောက်ရှိလာသည်။ ဒါ့အပြင် ဝိဝါဒကွဲပြားနေသည့် ရှမ်းအမျိုးသားနေ့၊ ရှမ်းပြည်နယ်နေ့ စသည့်များကြောင့်လည်း လက်ရှိရှမ်းပြည်အတွင်းနေထိုင်သည့်တိုင်းရင်းသားများက အရေးတယူ၊ ဂုဏ်ယူဝင့်ကြွားလေးစားပြီး ပါဝင်ကျင်းပခြင်းမရှိတော့သည်ကိုတွေ့မြင်ရမည်ဖြစ်သည်။

ရှမ်းနီဒေသများထဲက အထက်ချင်းတွင်းဒေသတွင်လည်း ရှမ်းအမျိုးသားနေ့ ကို အခုနောက်ပိုင်းမှာပြန်လည်ကျင်းပလာနေကြသည်ဖြစ်သော်လည်း “တက္ကသိုလ်” ပရဝုဏ်အတွင်းသာကျင်းပနိုင်တော့သည့်အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။  ဆယ်စုနှစ်များစွာ ဖိနှိပ်ခံရပြီးနောက် လက်ရှိမှာတော့ အထက်ချင်းတွင်းဒေသတွင် အမျိုးသားရေးစိတ်ဓာတ်များ တဖြည်းဖြည်းပြန်လည်နိုးကြားလာပြီး ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ဆိုင်ရာပွဲတော်များကိုလည်းပြန်လည်ကျင်းပလာနေသည်ကိုတွေ့မြင်နေရသည်။သို့သော်လည်း ရှမ်းနီတိုင်းရင်းသားများ၏ တိုင်းရင်းသားအခွင့်အရေး၊ ဌာနလူမျိုးစုများ၏ အခွင့်အရေးများသည်က ဆက်လက်ဆုံးရှုံးနေဆဲပင်ဖြစ်သည်။ 

ကွမ်းခေး ရေးသားသည်။

Leave a Reply

Your email address will not be published. Required fields are marked *