ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် နောင်ခမ်းဒေသက ဒေသခံပြည်သူတွေ ၂၀၂၁ ခုနှစ်မှာ နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခံရတယ်လို့ ဇူလိုင်လ (၅) ရက်နေ့မှာ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။
နောင်ခမ်းကျေးရွာမှာ အိမ်ထောင်စု ၁၆၁ စုနေထိုင်ကြပြီး တရုတ်နိုင်ငံနယ်စပ် နမ့်မော်ဝ်(ရွှေလီ)မြစ်ရဲ့ မြောက်ဘက်ကမ်းမှာတည်ရှိပြီး နမ့်ခမ်းမြို့နဲ့ ၂ ကီလိုမီတာခန့်အကွာမှာတည်ရှိတာလည်းဖြစ်ပါတယ်။
နမ့်ခမ်းမြို့ကနေ နောင်ခမ်းကျေးရွာကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးမရှိတာကြောင့် တရုတ်နိုင်ငံဘက်က လျှပ်စစ်ကို အားကိုးခဲ့ရတာလို့လည်းဆိုပါတယ်။
တရုတ်နိုင်ငံဘက်ကနှစ်ထပ်စည်းရိုးကို နောင်ခမ်းရွာအနီးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာက စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဒေသခံတွေရဲ့ လယ်ယာမြေအတွင်း ခြံစည်းရိုးအလွှာနောက်ထပ်တစ်ခုကို ပြန်လည်တည်ဆောက်မှုကြောင့် အငြင်းပွားမှုတွေ စတင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ခြံစည်းရိုးကာရံနေမှုကို ရပ်ဆိုင်းရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့မှာ အကြောင်းတစ်စုံတစ်ရာမရှိပဲ လျှပ်စစ်မီးကို တရုတ်နိုင်ငံဘက်က ဖြတ်တောက်ပစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီနောက်ပိုင်း အောက်တိုဘာလ ၁၀ ရက်နေ့မှာ တရုတ်လျှပ်စစ်ဌာနက နောင်ခမ်းကျေးရွာကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့မှုအတွက် ယွမ်ငွေ ၇၀၀၀ ( မြန်မာငွေ ၁၉ သိန်းခွဲ) ဒဏ်ရိုက်ခဲ့ကာ လျှပ်စစ်ဓာတ်အားပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့မှာ နောင်ခမ်းကျေးရွာကနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီးတဲ့ နောက် လျှပ်စစ်မီးတွေက ပျက်တောက်နေတာ ဒီနေ့အချိန်ထိဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒေသခံပြည်သူများက သူတို့တွေရဲ့ လယ်ယာမြေများကိုကျူးကျော်ကာ တရုတ်ဘက်မှနယ်နမိတ်ချဲ့ထွင်မှုကို ဆန့်ကျင်တာကြောင့် အခုလိုလျှပ်စစ်ဓာတ်အားဖြတ်တောက်ခံရခြင်းဖြစ်တယ်လို့ဟုယူဆကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုလ်အဖွဲ့က ထည့်သွင်းထုတ်ပြန်ထားပါတယ်။