နေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့ဖို့ စာရင်းကောက်ယူမယ်လို့ စစ်ကောင်စီဆို 

ဇန်နဝါရီ ၂၁ ၊ မြစ်ကြီးနား 

နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူတွေကို လိုအပ်တဲ့ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမယ်လို့  ဇန်နဝါရီလ (၁၇)ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်လာခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေကနေ ထောက်ပံ့မှုများဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးအတွင်းက ယာယီနေရပ်ရှောင်တိမ်းနေရသူများရဲ့စာရင်းတွေကို ယခုနှစ်အစပိုင်းမှာ ကောက်ယူနေကြောင်း သိရပါတယ်။

ထောက်ပံ့မယ် လှူမယ်လို့တော့ အသံတော့ကြားပါတယ်ဗျ ကျွန်တော်တို့ဆီမှာ လက်ရှိအချိန်ထိ စာရင်းတော့လာမကောက်သေးဘူးဗျ” ဟု စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုများစစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ 

မြစ်ကြီးနားမြို့၊ရွှေပြည်သာရပ်ကွက်အတွင်းရှိ  ရှမ်းမျိုးနွယ်စုများစစ်ဘေးရှောင်စခန်းတစ်ခုတည်းမှာ ကချင်ပြည်နယ်အတွင်းက စစ်ဘေးတိမ်းရှောင်အိမ်ထောင်စု (၉၃၇)စုရှိထားပြီး  အမိုးအကာ၊အဝတ်အထည်နဲ့ စားရပ်ရိက္ခာ အရေးပေါ်လိုအပ်မှုများစွာရှိနေကြောင်းလည်း သူကဆိုပါတယ်။

ဒီလိုစစ်ရှောင်စခန်းတွေအပြင် ဘုန်းတော်ကြီးကျောင်းများ၊ဆွေမျိုးသားချင်းနေအိမ်များ နဲ့ နေအိမ်ငှားရမ်းနေထိုင်သူများကဲ့သို့ ရှောင်တိမ်းနေထိုင်နေရတဲ့ အိမ်ထောင်စုများအားလုံးကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်အထိ ၀၂၄ ခုနှစ်အကုန်၌ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီတွေဟာလည်း မကြုံစဖူးအဆင့်အထိမြင့်တက်လာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) မြန်မာက ဇန်နဝါရီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *