န့်မွန်းမြို့မှာ  ဒရုန်းဗုံးကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁၈ ၊ အင်းတော်ကြီး 

 မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့၊ထောပတ်ကုန်းရပ်ကွက်မှာ  မနေ့ည (၇)နာရီကျော်ဝန်းကျင်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ (KPDF)များရဲ့ ဒရုန်းဗုံးကျရောက်မှုကြောင့်  ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

 ဖြစ်စဉ်မှာ နန့်မွန်းမြို့နှင့် တစ်မိုင်ခန့်အကွာရှိ ဆနွင်းကုန်း၊အင်းသာ ကျေးရွာတွေထဲ ဝင်ရောက်လာတဲ့ KPDF တပ်ဖွဲ့များဆီသို့ စစ်ကောင်စီတပ်ဖွဲ့များဘက်မှ မိုးညှင်းမြို့အမြှောက်တပ်ကနေ လက်နက်ကြီး(၅)လုံးခန့်  ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ဆိုကြပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း နန့်မွန်းမြို့၊ ထောပတ်ကုန်းရပ်ကွက်တွင်းက ဒေသခံများရဲ့နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဗုံးများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး အခုလိုဒေသခံထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ စစ်တပ်ကလက်နက်ကြီးနဲ့သူတို့ကို ပစ်တယ် သူတို့(KPDF)က ဒရုန်းလာလာချတယ် အေ့လိုလေ  ထောပတ်ကုန်းမှာ သံချောင်းဆိုတဲ့လူ မှန်သွားတယ်ကော အိမ်ရှင်လေ စစ်တပ်တွေက ရွာထဲကအိမ်တွေမှာ နေထားကုန်တာကြီးကိုအေး  လူမနေတာနည်းနည်းကြာတဲ့ အိမ်တွေထဲလည်းဝင်ထားတာထင်တယ်” ဟု နန့်မွန်းမြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 ထိခိုက်သွားသူက သံချောင်းအမည်ရှိ အမျိုးသားတစ်ဦးဟုသာသိရပြီး ဦးခေါင်းနဲ့ ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေတယ်လို့ ၎င်းကဆိုပါတယ်။ 

သူ့ရဲ့နေအိမ်လည်း သွပ်အမိုးပေါက်ထွက်ကာ ပျက်စီးမှုအနည်းငယ်ရှိခဲ့ကာ  ပြည်သူ့စစ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးဖြင့်တိုက်ခိုက်မှုတွေရှိခဲ့သေးတယ်လို့ဆိုပြီး စခန်းပျက်စီးမှုရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

အင်းတော်ကြီးဒေသက  စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်း ၃ ခုကို ဇွန်လအတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ နန့်မွန်းမြို့အနီး စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *