

အောက်တိုဘာ ၄ ၊ လားရှိုး
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ(၁)ကအချို့သောနယ်မြေများကို ဇူလိုင်လကုန်ပိုင်းကနေ စက်တင်ဘာလကုန်အထိ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့်ဗုံးကြဲချခဲ့မှု (၂၅)ကြိမ်ပြုလုပ်ခဲ့တယ်လို့ (MNDAA)တပ်ဖွဲ့များရဲ့ စာရင်းပြုစုထုတ်ပြန်ထားမှုအရ သိရပါတယ်။
ဒီ(၂၅)ကြိမ်မှာ ဗုံးအလုံးရေ(၁၀၀)ကျော် အသုံးပြုကြဲချခဲ့တာကြောင့် ဒေသခံ(၃၀)ကျော်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၉၀)ဦးလည်း ရှိခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)က ဆိုထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ ရဲ့ အထူးဒေသ ၁ ထဲက ကုန်းကြမ်းမြို့နယ်၊ ချင်းရွှေဟော်မြို့တို့ကလွဲ၍ လောက်ကိုင်မြို့နယ်၊ သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်အတွင်းတွေကို အခုလိုဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒီလို တိုက်ခိုက်ခံရမှုတွေကြောင့် လူနေအိမ်များ၊ အများပိုင်အဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများအပါအဝင် အဆောက်အဦးများစွာ မရေမတွက်နိုင်အောင် ပျက်စီးဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာလ ၃ ရက်နေ့ ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်းရှိနေပြီး ဘုရားရှိခိုးကျောင်း၊ လူနေအိမ်များ ၊ ဟော်တည်များ ၊ အုပ်ချုပ်ရေးရုံးများကို ထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
“ ဒေသခံအရပ်သားတွေက စိုးရိမ်တာပေါ့ ၊ လေယာဉ်ကတော့ နေ့တိုင်းဗုံးလာကျဲတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ပြောဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်ဖွဲ့အစည်းများအားလုံး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြပြီး လက်နက်စွန့် ရွေးကောက်ပွဲဝင်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၆)ရက်နေ့မှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပေမယ့် ဗုံးကြဲမှုများနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်။