


အောက်တိုဘာ ၉ ၊ ပင်လည်ဘူး
ပင်လည်ဘူးမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ်(၁) စစ်ဒေသ PDF တပ်များနှင့် ပကဖများက အလုံးစုံ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ (၉) ရက်နေ့ မှာ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ (15) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၅၃) ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝန်းသိုမြို့ဘက်သို့ ဆုတ်ခွာခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ပင်လည်ဘူးမြို့သိမ်းနိုင်ရေးအတွက် စစ်ဆင်ရေးကို KIA ရဲ့ ဦးဆောင်မှု နဲ့ NUG ရဲ့ အမှတ်(၁) စစ်ဒေသက PDFများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျူဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ တိုင်းPDF ဒရုန်းတပ်ဖွဲ့၊ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်း-ပကဖ၊ ကန့်ဘလူ-ပကဖ၊ ရွှေဘိုခရိုင်-ပကဖနှင့်ဒရုန်းတပ်ဖွဲ့၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ပကဖများတို့ စုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း လက်နက် (၄၀၀) ကျော်အပါဝင်၊ ဘိန်းဖြူခွက်များလည်း သိမ်းဆည်းရမိကြောင်း ဆိုထားပါတယ်။
ပင်လည်ဘူးမြို့ကို NUG ၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပထမ အကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး စစ်ကောင်စီဘက်မှ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် တစ်နှစ်ခန့် လက်လွှတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။
ပင်လည်ဘူးမြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားများ အပါအဝင် ကတူး၊ ကနန်း တိုင်းရင်းသားတို့ စုပေါင်းနေထိုင်သည့် မြို့ငယ်တစ်ခုဖြစ်ပါတယ်။
ပင်လည်ဘူးမြို့နယ်က ကောလင်းခရိုင်အတွင်းပါဝင်ပြီး NUG နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ဖူးသည့် ကောလင်းမြို့နဲ့ စစ်ကောင်စီ ခလရ 120 တည်ရှိရာ ဝန်းသိုမြို့၊ ရှမ်းနီတပ်ဖွဲ့များ တည်ရှိရာ ဗန်းမောက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း နီးကပ်စွာတည်ရှိနေပြီး စစ်ရေးနှင့်ပထဝီအနေထားအရ အားသာချက်များစွာရှိကာ လက်နက်ကိုင်တပ်များအဖို့ အရေးပါတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။