နိုဝင်ဘာ ၂၀ ၊ ပင်လည်ဘူး
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို စွန့်ခွာမှုများပြားလာနေပြီး ကလေးငယ်တွေဟာ တိုင်းရင်းသားစာပေအပြင် မြန်မာစာ တတ်မြောက်မှုနှုန်း ကျဆင်းလာနေတယ်လို့ ပညာရေးဌာနက လူတွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပင်လည်ဘူးမြို့နယ်အတွင်းက အလယ်တန်း နဲ့ အထက်တန်းကျောင်းသားတွေအများစုဟာ ကျောင်းပညာရေးထက် လုပ်ခစျေးနှုန်းမြင့်မြင့်မားမားရတဲ့ ရွှေမျှောလုပ်ငန်းတွေကိုသာ သွားရောက်လုပ်ကိုင်ဖို့ ဆန္ဒပြင်းပြနေပြီး ကျောင်းပညာရေးစွန့်ခွာလာကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကျောင်းတွေလဲ သိပ်မနေချင်ကြတော့ဘူး၊ ကလေးတွေကိုတောင် တစ်လ ၅ သိန်းပေးနေတော့၊ ရွှေမျှောအလုပ်က နေချင်သလိုနေရတယ်၊ ကျောင်းပညာရေး သိပ်စိတ်မဝင်စားကြတော့ဘူး၊ လူကောင်က ကြီးလာပြီ ကျောင်းကမနေရဆိုတော့ ရွှေမျှောထဲပဲ သွားကုန်ကြပြီ၊ ဒီမှာဖြင့် ရွှေမော်တွေ စဖြစ်နေကြပြီ။ အိုးမြေကုန်းရွာ ၊ မိကျောင်းအင်းရွာ၊ မြို့မဘက်ကနေ ကျွန်းလှသဖမ်းဆိပ်ဘက်တွေအစုံပဲ ” လို့ ပင်လည်ဘူးမြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။
ပင်လည်ဘူးမြို့နယ်မှာ ၂၀၂၁ ခုနှစ်အကုန် စာရင်းအရ ကျောင်းသား/သူပေါင်း တစ်သောင်းနှစ်ထောင့််ငါးရာကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ ကျောင်းသား/သူ ထောင်ဂဏန်းခန့်သာ ရှိတော့တာလည်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကစလို့ မြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ထားရပြီး CDM ဆရာ/မတွေ ဦးစီးသင်ကြားတဲ့ NUG ရဲ့ ပညာရေးကျောင်းတချို့သာ ဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ်။
“ သူများဘက်တော့ ဖွင့်လိုရတဲ့နေရာဖွင့်ကြတယ်၊ ငါတို့ဆီတော့ ဒီလ ၃၀ ရက်နေ့ကိုများ စဖွင့်ပေးနိုင်မလားမသိဘူး။ သင်ပေးစေချင်ပြီလေ။ ဒီမှာ ရှမ်းနီစာသင်ပေးတဲ့ ဆရာတွေလဲ သိပ်မရှိဘူး၊ အရင်လိုမဟုတ်တော့ပါဘူး၊ မော်ဆွန် (ဆရာ/မ)တွေလဲ သိပ်မရှိကြတော့ဘူး၊ ရှမ်းစာမဆိုထားနဲ့ မြန်မာစာသင်တဲ့ ဗမာဆရာတောင် မလုံလောက်ဘူး ” လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။
မြို့နယ်တွင်း ပညာရေးကို လက်ကျန် CDM ဆရာ/မ များဦးစီးကာ သင်ကြားပေးနေကြပြီး ဝန်ထမ်းမလုံလောက်မှုတွေကြောင့် အခက်ခက်များစွာရှိနေတယ်လို့လည်း ပင်လည်ဘူးဒေသခံ CDM ဆရာတစ်ထံမှ သိရှိထားရပါတယ်။
လက်ရှိ ပင်လည်ဘူးမြို့ကို NUG ရဲ့ PDF တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားပြီး အုပ်ချုပ်ရေး၊ ပညာရေး၊ လုံခြုံရေး စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။