ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲပြီးနောက်မြို့နေလူဦးရေအများအပြားစစ်ရှောင်နေရ

ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပင်လည်ဘူးမှ ဗန်းမောက်မြို့ကို စစ်ရှောင်လာကြသူများကိုတွေ့ရစဉ် Photo/ShanNi Voice

ဇန်နဝါရီ ၂၄ ၊ ပင်လည်ဘူး 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီလ (၁၈) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးများခဲ့တယ်လို့ဆိုပါတယ်။​

ဇန်နဝါရီလ (၁၈) ရက်နေ့ မနက် ၃ နာရီကနေ (၈) နာရီအထိ ဖြစ်ပွားတဲ့ မြို့ပြတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် တပ်သားအများအပြား သေဆုံးခဲ့သလို ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း အကျအဆုံးများခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ 

ဒီတိုက်ပွဲပြီးတဲ့ ရက်အနည်းငယ်အကြာမှာပဲ မြို့ပေါ်ရဲ့ အများစု နီးစပ်ရာ ဒေသတွေဖြစ်တဲ့ ဗန်းမောက်မြို့နယ် နဲ့ မြို့နဲ့ဝေးတဲ့ ကျေးရွာဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

“ပင်လည်ဘူးအခြေအနေကတော့ နှစ်အိမ်မှာတစ်ယောက် တစ်အိမ်တစ်ယောက်တောင်မကျန်တော့ဘူးမောင်၊ သူတို့ကတော့အဲ့မှာတိုက်ပွဲဖြစ်တယ်လို့ပြောတာမောင်၊ ရွာတွေမှာသွားနေတယ် ၊​ ဗန်းမောက်ဘက်ကို ကားကြီးကားငယ်တွေနဲ့ အဲ့လိုရွေ့ပြောင်းပြီးနေကြတာပါ” ဟု စစ်ဘေးရှောင်တွေကိုတွေ့မြင်ခဲ့ရသူတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။​

ပင်လည်ဘူးမြို့လက်ရှိအချိန်မှာ အိမ်အားလုံးက တံခါးပိတ်ထားပြီး စျေးဆိုင်နှစ်ဆိုင်လောက်သာ ဖွင့်လှစ်တယ်လို့ မနေ့က ပင်ဘည်ဘူးမြို့ကိုရောက်ရှိခဲ့သူတွေက ဆိုပါတယ်။ 

စစ်ဘေးရှောင်တွေက ပင်လည်ဘူးမြို့နဲ့ ဝေးတဲ့ ကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံကြတာဖြစ်တယ်လို့ဆိုပါတယ်။​

ဗန်းမောက်မြို့နယ်ထဲက တချို့ကျေးရွာတွေမှာလည်း စစ်ဘေးလာရောက်ရှောင်နေကြသူတွေရှိနေပြီဖြစ်သော်လည်း စာရင်းအသိအကျကိုတော့ ကောက်ခံနိုင်ခြင်းမရှိသေးပါဘူး။ 

ပင်လည်ဘူးမြို့နယ်မှာ မြို့ပေါ်နေတဲ့ လူဦးရေ နှစ်ထောင်ဝန်းကျင်ရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။​

ပင်လည်ဘူးမြို့နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုဖြတ်တောက်ထားပြီး ဒေသခံကာကွယ်ရေးတပ်တွေကို တိုက်ခိုက်တာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေက ပြတ်တောက်နေဆဲဖြစ်ပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *