ပင်လည်ဘူးမြို့သိမ်းပြီး ၃ လကျော်ကြာသည်အထိ စစ်ရှောင်များ မြို့တွင်းပြန်လည်နေထိုင်နိုင်ခြင်းမရှိသေး 

ဇန်နဝါရီ ၁၆ ၊ ပင်လည်ဘူး 

စစ်ကိုင်းတိုင်းဒေသကြီးရှိ NUG သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ဟာ ၃ လကျော်ကြာသည်အထိ စစ်ရှောင်တွေက မြို့တွင်းပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မီးလောင်တာများတယ်၊ မြို့မ ၂ ရပ်ကွက်တော့ သိပ်မပျက်ဘူး၊ အိမ်တွေကတော့အားလုံးအပွင့်ပဲ၊ သန့်ရှင်းရေးလုပ်ဖို့ ဝင်ကြည့်ခွင့်တော့ ပကဖ တွေကပေးတယ်။ ပစ္စည်းသယ်ပြီး ပြန်ကြတာပါပဲ ဝင်မနေရဲကြသေးဘူး လေယာဉ်ကြောက်ကြလို့” ဟု ပင်လည်ဘူးမြို့တွင်း ရောက်ခဲ့သူတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။ 

ပင်လည်ဘူးမြို့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ NUG အမှတ် (၁) စစ်ဒေသ မှ  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ ပင်လည်ဘူးမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ပကဖ) ကလည်း မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့်မပေးထားသေးဘဲ နေအိမ်တွေကို ဝင်ရောက်ကြည့်ရှုခွင့်နဲ့ သန့်ရှင်းရေးပြုလုပ်ခွင့်တွေကိုသာ ပေးထားတယ်လို့ သိရပါတယ်။ 

သိမ်းချင် သူ့အိမ် ကိုယ့်အိမ် ပြန်သိမ်း ၊ သန့်ရှင်းချင်ရင်ပေါ့လေ ၊ နေထိုင်ခွင့်က တရားဝင်မပေးသေးဘူး။ သူခိုးပေါလို့ ပစ္စည်းလဲ တော်တော်ပျောက်တယ် ။  သရဲလည်းတော်တော်ခြောက်တယ်၊​မကျွတ်မလွတ်တွေ တော်တော်များတယ်နေမယ်” လို့ သူက ဆက်ပြောပါတယ်။ 

တိုက်ပွဲကြောင့် မြို့တွင်းနေအိမ်အများစု မီးလောင်ပျက်စီးခဲ့ပြီး ကြွင်းကျန်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်ရှိမှာ ခိုးယူနေကြတယ်လို့ သူကဆိုပါတယ်။ 

မြို့သိမ်းတိုက်ပွဲပြီးနောက် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတစ်ခုမှ ဆောင်ရွက်နေခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ 

ပင်လည်ဘူးမြို့က ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အစောဆုံး လက်နက်ကိုင်တော်လှန်တဲ့မြို့တစ်ခုဖြစ်သလို မြို့နယ်တစ်ခုလုံးကို NUG အပြည့်အဝ သိမ်းပိုက်ထားနိုင်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *