ပင်းဘောကျေးရွာတွင်မဟာဓာတ်အားလိုင်းအနီးငါးမျှားသည့် လူငယ်တစ်ဦးဓာတ်လိုက်ပြီးဆေးကုသနေရ 

ဩဂုတ် ၁၄ ၊​ မိုးကောင်း

မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ဗမောက်ကုန်းနတ်ကြီးစင်ရှေ့ ရှိ 66KV မဟာဓာတ်အားလိုင်းအနီးတွင် သြဂုတ်လ ၁၃ ရက်နေ့ မှာ လူငယ်တစ်ဦး ငါးမျှားနေရင်း ဓာတ်လိုက်ထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူများထံမှ သိရပါတယ်။

“ ငါးမျှားရင်းနဲ့ အေ့လိုပါ့ မိုးညှင်းက ကလေးလိုပဲ လွှဲတာ လွှဲလိုက်တဲ့အခါကျတော့ ကြိုးက ဓာတ်ကြိုးကို သွားထိပြီးတော့ ဘုတ်ဆို အင်္ကျီရော ဘောင်းဘီရော အကုန်လောင်သွားတာ” ဟု  ကယ််ဆယ်ရေးပြုလုပ်ခဲ့သူ တစ်ဦးက ပြောပြပါတယ်။

   ၎င်းဝတ်ဆင်လာသော အဝတ်အစားများ လောင်ကျွမ်းသွားသည့်အပြင် ငါးမျှားတံလည်း အပိုင်းပိုင်းဖြစ်ကာ ရင်ဘတ်၊ နံကြား၊ ဒူးခေါင်း၊မျက်နှာ၊ လက်နှစ်ဖက်နှင့် တစ်ကိုယ်လုံးနီးပါးတွင် မီးလောင်အရာ အရေပြားကွာကျသွားမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့သည်ဟု ဆိုပါတယ်။

   ဓာတ်လိုက်ထိခိုက်မှု ဖြစ်ပွားခဲ့သူက အောင်လင်းဦးအမည်ရှိ အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကာ ပင်းဘောအုပ်စု၊ ပဲခူးစုကျေးရွာသား ဖြစ်သည်ဟုလည်း သိရပါတယ်။

  ထိုလူငယ်က  ပင်းဘောတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရတာဖြစ်ကြောင်း သိရပါတယ်။

  မိုးညှင်းမြို့ရှောင်လမ်းအနီးမှာ ပြီးခဲ့သည့် ဇွန်လက  ကလေးငယ်တစ်ဦး  မဟာဓာတ်အားလိုင်းအောက် ငါးမျှားနေရင်း  ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *