
ဒီဇင်ဘာ ၂၆ ၊ ရန်ကုန်
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဘယ်လာရုစ်နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့က မနေ့က ဒီဇင်ဘာ (၂၅) ရက်နေ့ညပိုင်းမှာ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပထမဆုံးသော စောင့်ကြည့်လေ့လာတဲ့အဖွဲ့ဖြစ်ပါတယ်။
အဲ့ဒီစောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ မြန်မာနိုင်ငံမဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS) နဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုတွေထဲမှာ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်နဲ့ လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမယ့် မြန်မာပြည်တွင်းက လွှတ်တော်နဲ့ ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စတွေပါဝင်တယ်လို့သိရပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အာဆီယံနိုင်ငံတချို့က စောင့်ကြည့်လေ့လာရေးအဖွဲ့တချို့ လွှတ်ပေးမယ်လို့ပြောဆိုထားပေမယ့် တိတိကျကျမသိရှိရသေးပါဘူး။
ရွေးကောက်ပွဲနေ့ နီးကပ်လာတာနဲ့အမျှ ချင်း၊ မကွေး ၊ ကချင် ဒေသတွေမှာ တိုက်ပွဲတွေဟာ ပြင်းထန်လာနေတာလည်းဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲကို ပထမပိုင်းအဖြစ်ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအပိုင်းကိုတော့ လာမယ့် ဇန်နဝါရီလ ဒုတိယအပတ်နဲ့ တတိယအပိုင်း လကုန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
