ပိတ်ထားသည့်ဖားကန့်-မိုးကောင်းလမ်းပိုင်းကိုဖားကန့်မှမိုးကောင်းသို့သွားမည့်ယာဉ်များကိုဖြတ်သန်းခွင့်ပြန်ပြု

ကချင်ပြည်နယ် ဖားကန့်-မိုးကောင်းလမ်းပိုင်းဖြစ်တဲ့ မအူပင်ကျေးရွာနှင့် နန့်ယားကျေးရွာကြားရှိ စစ်ဆေးရေးဂိတ်တွင် ယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ထားပြီး (၄)ရက်မြောက်နေ့မှာ မိုးကောင်းသို့ ဆင်းမည့်အဆင်းယာဉ်များအား ဖြတ်သန်းခွင့်ပြန်ပြုလိုက်ပြီဟု ယာဉ်မောင်းများထံမှ သိရပါတယ်။

  “ဖွင့်တယ်ဆိုတာက လောလောဆယ်တော့ အတက်ကားကိုတော့မကြားမိသေးဘူး အဆင်းကားတွေကိုပဲ လွှတ်တာနော့ မနေ့ကလွှတ်ပေးလိုက်တာ   အစ်ကိုတို့လမ်းမှာ သုံးညအိပ်ပေါ့’ဟု ယာဉ်လိုင်းပြေးဆွဲနေသူ တစ်ဦးက ပြောပြပါတယ်။

  အဆင်းယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို မနေ့က သြဂုတ်လ (၂၅)ရက်နေ့ မနက် (၇ )နာရီဝန်းကျင်အချိန်တွင် ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်သည်ဟု ဆိုပါတယ်။

  ဖားကန့်မြို့နယ်ဘက်သို့ သွားရောက်မည့် အတက်ယာဉ် အစီးရေ(၇၀)ခန့်က မအူပင်လမ်းဆုံ ရေကာတာအနီးတွင် ရပ်တန့်ပိတ်မိနေကြတာဟု ခရီးသွားများထံမှ သိရပါတယ်။

   “တိုက်ပွဲကတော့ မဖြစ်တော့ဘူး စစ်ကြောင်းရှိလို့ပိတ်ထားတာ’ဟု တိုက်ပွဲဖြစ်ပွားမှုမရှိတော့ပဲ ငြိမ်သက်နေပြီး ချီတက်နေသော စစ်ကောင်စီစစ်ကြောင်းသာ ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောပြပါတယ်။

   သြဂုတ်လ၂၂ရက်နေ့ကနေ မိုးကောင်း-ဖားကန့်လမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်ထားခဲ့တာဖြစ်ပြီး အတက်ယာဉ်များပိတ်မိနေသည်မှာ သြဂုတ်လ ၂၆ ရက်နေ့ထိ (၅)ရက်တာ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *