ပူတာအိုမြို့လမ်းပိတ်ထားမှုလချီကြာမြင့်ကာစက်သုံးဆီပြတ်လပ်ပြီးကုန်စျေးနှုန်းအဆမတန်မြင့်တက်

ဧပြီ ၂၆ ၊ ပူတာအို 

ပူတာအို-မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပရာဘွမ်မြို့ဝန်းကျင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လမ်းပိုင်းပိတ်ထားရပြီး ၂ နီးပါးကြာမြင့်လာတာကြောင့် စက်သုံးဆီပြတ်လပ်ပြီး ကုန်စျေးနှုန်းမြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“ ငါးဂါလံ သုံးသိန်းကျော် ၊ တစ်လီတာတစ်သောင်းခွဲလောက်ပေါက်တယ် ၊ ဆွမ်ပရာဘွမ်နားလို့တော့ ကြားတယ် ပိတ်ထားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပူတာအိုမြို့မှာ လက်ရှိ စက်သုံးဆီ တစ်ဂါလံ ကျပ်တစ်သိန်းအထိမြင့်တက်လာပြီး မြို့ပေါ်မှာ ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာမှု မရှိသလောက်ဖြစ်နေပြီလို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

ဒါ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်ဥ သုံးလုံး ငါးထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိသာ  သုံးသောင်း ၊ ကြက်သွန်ဖြူ တစ်ပိဿာ လေးသောင်း ၊ ဒေသဆန်တစ်အိတ် တစ်သိန်းရှစ်သောင်းကျပ်အထိမြင့်တက်နေတယ်လို့ဆိုပါတယ်။ 

ဆွမ်ပရာဘွမ်မြို့ စစ်ကောင်စီဗျူဟာကုန်းကို မတ်လအတွင်းမှာ  ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကချင်ဒေသ ကာကွယ်ရေးတပ် KPDF တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများကြောင့် လမ်းပိုင်းပိတ်နေဆဲဖြစ်ကြောင်းသိရပါတယ်။ 

ပူတာအိုမြို့မှာ နေထိုင်သူ ခြောက်သောင်းသုံးထောင်ကျော်ရှိပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး လိုအပ်တဲ့  စက်သုံးဆီ နဲ့ စားသောက်ကုန်များကို မြစ်ကြီးနားမြို့ကနေ အဓိက တင်ပို့နေရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *