ဩဂုတ် ၂၇ ၊ ပူတာအို
ပူတာအိုမြို့ (ခမ်းတီးလုံဒေသ) တွင် နမ့်ကျို(မလိခ)မြစ်ရေသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး မြင့်တက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့မနက်ကစတင်ပြီး ညအချိန်ထိ နမ့်ကျို(မလိခ) မြစ်ရေတရိပ်ရိပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
“ ဦးဇင်း ဒီမှာ ၁၃ နှစ်ကျောင်းထိုင်တာ ဒါပထမဆုံး ဒီလောက်ကြီးတာပါ။ ခါတိုင်းထက် ၁၀ ပေလောက်ပိုလာတယ်။ကောင်းမှုလုံဘုရားစေတီတောင်ဘက်ချောင်းဖက်မုခ်က ခြင်္သေ့ခြေရင်းရောက်တာ ၁၃ နှစ်မှာ ပထမဆုံးပါ။” ဟု မန်ပန်ဆရာတော်က မိန့်ကြားသည်။
ယနေ့ဩဂုတ်လ ၂၇ ရက်နေ့တွင် မြစ်ရေပြန်ကျသွားပြီး ပုံမှန်ရေကြီးမှုလောက်သာ ရှိတော့ကြောင်းသိရသည်။
မြစ်ရေမြင့်တက်မှုကြောင့် ပျက်ဆီးမှု တစ်စုံတစ်ရာမှ မရှိသေးကြောင်းသိရသည်။
“ ဒီနှစ်အံ့ဩစရာပါ၊ အခုတော့ပုံမှန်ရေကြီးသလောက်ပဲဖြစ်သွားပါပြီ၊ ဦးသိန်းစိန်လက်ထက်က ဒီထက် ၄ ပေလောက်လျော့ပေမယ့် လယ်ယာတွေ အိုးအိမ်တွေ ကျွဲနွားတွေပျက်စီးသေကြေကြတယ်” ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။
ခလိခမြစ်သည် မြန်မာနိုင်ငံမြောက်ဖျားရေခဲတောင်များဆီကနေ မြစ်ဖျားခံပြီး ကီလိုမီတာ ၃၂၀ ( မိုင် ၂၀၀ ) ရှည်လျားသည်။