
မတ် ၂၅ ၊ နေပြည်တော်
မြန်မာပြည်တွင်းတည်ငြိမ်အေးချမ်းစေရေးအတွက် စစ်ကောင်စီရဲ့ကာကွယ်ရေးတပ်ဖွဲ့များကို အသုံးစရိတ်ဘတ်ဂျတ်များ တိုးမြှင့်ပေးဆောင်နေတယ်လို့ စစ်ကောင်စီဘဏ္ဍာရေးအဖွဲ့များက မနေ့ကမတ်လ(၂၄)ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။
မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ စစ်ခေါင်းဆောင်လည်းတက်ရောက်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့များကိုသာမက ပြည်ထဲရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများတွင်လည်း ထိုနည်းတူ ဘတ်ဂျတ်များတိုးမြှင့်ပေးထားကြောင်း သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့များကို အခုလိုအသုံးစရိတ်တိုးမြှင့်ရခြင်းမှာ တပ်ဖွဲ့များရဲ့ စွမ်းဆောင်ရည်နဲ့စွမ်းအားများ ယခုထက်ပိုမိုမြှင့်တက်လာစေရန် ရည်ရွယ်တာဖြစ်ပြီး အမှန်တကယ်အကျိုးရှိတဲ့ ကဏ္ဍနေရာများတွင်သာ ငွေကြေးအသုံးပြုနေတာဟု ဆိုထားပါတယ်။
ထပ်တိုးထားတဲ့ ပမာဏအရေအတွက်များကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။
တိုက်ပွဲတွေမှာ စစ်ကောင်စီက ကာကွယ်ရေးအတွက် ဒရုန်းနည်းပညာအသစ်တွေကို အသုံးပြုတိုက်ခိုက်မှုများ ၊ လေကြောင်းတိုက်ခိုက်မှု ၊စက်တပ်လေထီးတပ်တွေနဲ့ အသုံးပြုတိုက်ခိုက်မှုတွေပိုမိုပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ရငွေလျာထားချက်တွေအတိုင်း ရရှိနိုင်ဖို့ အခွန်ငွေများ ကောက်ခံနေမှုတွေကိုလည်း တည်ဆဲအခွန်အကောက်ဆိုင်ရာဥပဒေတွေနဲ့အညီ အပြည့်အဝရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ရငွေ ၇၁. ၁၁ရာခိုင်နှုန်း ရှိထားပြီး သုံးစွဲထားတဲ့ငွေကြေး ၅၉.၅၅ ရာခိုင်နှုန်းရှိထားကြောင်း သိရသလို စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကို စောင့်ကြည့်လေ့လာနေတဲ့ BMC က စစ်အသုံးစရိတ်အတွက်စစ်ကောင်စီက ဒေါ်လာသန်းရာချီ တိုးသုံးနေတယ်လို့ ပြောဆိုထားပါတယ်။