ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာနိုင်ငံအတွင်းပြန်လာစုစည်းဖို့ ပြော

နိုဝင်ဘာ ၂၇ ၊​ ချင်းမိုင်

ပြည်ပနိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ NUG အစိုးရရဲ့ အဖွဲ့ဝင်များအားလုံး မြန်မာနိုင်ငံအတွင်းမှာပြန်လည်စုစည်းကြဖို့ လိုအပ်လာပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ(၂၆)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

“ အန်ယူဂျီအစိုးရက “ အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ အစိုးရအဖွဲဝင်တွေအားလုံးအင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်” လို့ ယာယီသမ္မတက ပြောထားတာပါ။
မနေ့က (နိုဝင်ဘာ ၂၆ ) ရက်နေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အဖွဲ့ဝင်တွေကို သူကတိုက်တွန်းခဲ့တာဖြစ်ပြီး လာမယ့်၂၀၂၅ခုနှစ်ကနေ ၂၀၃၀ ခုနှစ်
အထိ လုပ်ဆောင်ရမယ့်အလုပ်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းလည်း ပါရှိပါတယ်။

၂၀၂၅ ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးများအားလုံး တော်လှန် ရေးအရွေ့အတွက် ထိရောက်မှုရှိစေမယ့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင် ကြဖို့ ထပ်မံတိုက်တွန်းပြောကြားလိုပါတယ်။ ” လို့ ပြောကြားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသဘောထားဖိအားတွေကိုလည်း မျက်ကွယ်ပြုထားလို့မရသလို ဒီလူထုတော်လှန်ရေးကို အရင်ကနည်းဟောင်းတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားလို့မရဘဲ ဖောက်ထွက်ကြံဆသင့်ကြောင်း ဆိုပါတယ်။

NUG အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီနှစ်နဲ့ဆို (၄)နှစ်နီးပါးရှိလာပြီဖြစ်ပြီး အစိုးရအဖွဲ့ဝင်အများစုဟာ ထိုင်းနိုင်ငံ ၊ ဥရောပ နဲ့ အမေရိကန်နိုင်ငံတို့ မှာ ရှိနေကြတာလည်းဖြစ်ပါတယ်။

NUG ရဲ့ဖွဲ့စည်းပုံထဲမှာ ဝန်ကြီးဌာန ၁၈ ခုပါဝင်ပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၁ ဦးနဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အစိုးရဖွဲ့စည်းကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *