
ဖေဖော်ဝါရီ၁၄၊နေပြည်တော်
စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်းမှာ အကျုံးဝင်တဲ့ လူငယ် ၁၄ သန်းရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်းမှာ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း စုစုပေါင်း ၁၄ သန်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။
အကျုံးဝင်သူ ၁၄ သန်းလုံး လက်ရှိချက်ခြင်း တာဝန်ထမ်းဆောင်ရမှာမဟုတ်သေးဘူးလို့ ၎င်းကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာတည်ကြောင်း ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းက အမျိုးသားများ ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်းက အမျိုးသမီးတွေဟာ တာဝန်ထမ်းဆောင်ရမှာလို့ ဖော်ပြထားပါတယ်။
“ ပြည်သူလူထုကတော့ စားဝတ်နေရေးပြန်ကြည့်ရင်လည်း၊ ယောကျာ်းလေးတစ်ယောက်ပဲရှိရင်တော့ အဆင်မပြေလောက်ဘူး၊ ဒီမှာကတော့ သားသမီးတစ်ယောက်တည်းရှိတဲ့အိမ်ကများတယ်။ ကျန်တဲ့ဟာတွေက မူးယစ်ဆေးဝါးတွေဘာတွေနဲ့ရှိတော့ ။ မထမ်းမနေထမ်းကြဆိုရင်တော့ တော်တော်များများက ဒေသအဖွဲ့အစည်းထဲကို ဝင်ထားကြတာများတယ်” လို့ ဟုမ္မလင်းဒေသခံ တစ်ဦးဆိုပါတယ်။
ဒီ ဥပဒေကို လာမယ့် မြန်မာနှစ်သစ်ကူးအပြီး ဧပြီလမှာ စတင်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး လူဦးရေ ငါးထောင်စတင်ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ဥက္ကဌခန့်အပ်ပြီး ၁၅ ဦးပါတဲ့ ကော်မတီတစ်ရက်ကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကြောင်း ကြေညာထားပါတယ်။