ဇန်နဝါရီ ၂၆ ၊ ဟုမ္မလင်း
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းမှ ချီးမြှင့်ထားတဲ့ ဖလောရင့်နိုက်တင်ဂေးဆုရင် ရှမ်းနီတိုင်းရင်းသူ ဒေါ်သိန်းရီကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အများကောင်းကျိုးအတွက် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်သူတွေကိုချီးမြှင့် ဝဏ္ဏကျော်ထင်ဘွဲ့ကို မနှစ်က ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုတံဆိပ်ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပေးအပ်ခဲ့တာလို့ သိရပါတယ်။
၁၉၉၅ ခုနှစ်က သောင်သွပ်ကျေးရွာမှာ ဒေါ်သိန်းရီဟာ မီးပတ်လည်လောင်နေကျွမ်းနေတဲ့ နေအိမ်အတွင်းက ကလေးငယ်ကို အသက်စွန့်ပြီး ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဖလော့ရင့်နိုက်တင်ဂေးဆုချီးမြှင့်ချီးခံခဲ့ရသူလည်းဖြစ်ပါတယ်။
“ မီးလောင်နေတဲ့ အိမ်ထဲမှာကလေးငယ်ကို လက်ဆွဲပြီးပြေးထွက်ခဲ့တယ် မီးတွေက ပတ်လည်ဝိုင်းနေပြီး၊ မီးအပူချိန်နဲ့ သူရောကိုယ်ရော မီးလောင်တဲ့ ဒဏ်ရာတွေအများကြီးရသွားတယ်။ အဲ့အချိန်က သောင်သွပ်မီးက တစ်ရွာလုံးပြာကျသွားပြီး၊ရှုံးဆုံးသွားတယ်။ ကလေးတစ်ကိုယ်လုံးရော၊ ခြေလက်တွေရော မီးလောင်သလို ၊ ကျွန်မလည်း ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်” လို့ နိုက်တင်ဂေးဆုနဲ့ ပတ်သက်ပြီး ရှမ်းနီအသံဂျာနယ် နဲ့ အင်တာဗျူးမှာ ဒေါ်သိန်းရီက ဖြေဆိုခဲ့ဖူးပါတယ်။
ကာလအတန်ကြာ ဆေးကုသမှုခံယူခဲ့ရပြီးတော့ ၂၀၀၁ ခုနှစ်မှာ သားဖွားသူနာပြုလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဆရာမ ဒေါ်သိန်းရီဟာ တမူးမြို့နယ် သနန်ကျေးလက် ကျန်းမာရေးဌာန၊ ဖိုင်လင်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ် တိုက်နယ်၊ နန်းယွန်းမြို့နယ် လုံခိုင်ကျေးလက်ကျန်းမာရေးဌာနတို့မှာ သားဖွား ဆရာမအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။
သူ့ကို ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာမှာ ၁၉၅၀-၅၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သောင်သွပ်စံပြကျေးရွာမှာနေထိုင်သူလည်းဖြစ်ပါတယ်။