
ဖလော်ရင့်နိုက်တင်ဂေးဆုဆိုတာ သဘာဝဘေးအန္တရာယ်တွေ၊လူပယောဂတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရဖျားနာတဲ့သူတွေ မသန်စွမ်းဖြစ်နေတဲ့သူတွေကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုတဲ့သူတွေနဲ့ လူထုကျန်းမာရေးနဲ့ သူနာပြုအသိပညာဆိုင်ရာ ကိစ္စရပ်တွေမှာ စံပြထိုက်လောက်အောင်ဖန်တီးတီထွင် နိုင်သူတွေကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ချီးမြှင်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။
ဒီဆုက သူနာပြုတွေအတွက် ကမ္ဘာ့အမြင့်ဆုံးဆုဖြစ်ပြီးတော့ ကမ္ဘာ့သူနာပြုနေ့ဖြစ်တဲ့ မေလ ၁၂ ရက်နေ့မှာ ရွေးချယ်စိစစ်ဆုချီးမြှင့်ခဲ့ပြီးတော့ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၃ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒုက္ခသည်တွေနဲ့ တပ်မတော်သားတွေကို စွန့်စွန်းစားစားပြုစုခဲ့တဲ့ မိုးကောင်းမြို့က ဒေါ်ခင်အုံးမြ ၊ ၁၉၉၃ ခုနှစ်မှာ မြန်မာပြည်မြောက်ပိုင်းမှာတပ်မတော်စစ်ကြောင်း ဒဏ်ရာရ ရဲဘော်များနဲ့ အရပ်သူ/သားတွေကို အသက်စွန့်ကယ်ခဲ့တဲ့ ဒေါ်အမ်ယောနမ် ၊ ၂၀၀၁ ခုနှစ်မှာ မီးလောင်တဲ့ အိမ်ထားက အသက်ရှစ်နှစ်အရွယ် ကလေးကို ကိုယ်ကျိုးမငဲ့ကယ်ခဲ့တဲ့ သောင်သွပ်က ဒေါ်သိန်းရီ နဲ့ ၂၀၁၅ ခုနှစ်မှာ နာဂစ်မုန်တိုင်းကာလအတွင်း မုန်တိုင်းဒဏ်ခံပြည်သူတွေကို ဘေးကင်းရာသို့ ကူညီရွေးပြောင်းပေးခြင်းနဲ့ ပြုစုပေးခဲ့တဲ့ ဦးစနိုင်နိုင်ထွန်းတို့ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဂုဏ်ဆောင် ဖလော်ရင့်နိုက်တင်ဂေးဆုရှင်လေးဦးထဲက ၂၀၀၁ ခုနှစ်မှာဆုချီးမြှင့်ခံရတဲ့ သူနာပြုဆရာမကြီး ဒေါ်သိန်းရီက အထက်ချင်းတွင်း ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းဘဝနဲ့ မုံရွာမြို့မှာ နေထိုင်စဉ် ၂၀၁၆ ခုနှစ်မှာ ရှမ်းနီအသံက သတင်းထောက် မနန်းနှင်းသက်ဝေခိုင်က အင်တာဗျူးမေးမြန်းထားပါတယ်။
မေး။ ။ဆရာမကြီးရဲ့ ကိုယ်ရေးအကျဥ်းလေး ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ ကျွန်မကို ရှမ်းတိုင်းရင်းသားမိဘနှစ်ပါးဖြစ်တဲ့ ဦးထွန်းစိန် ဒေါ်နန်းလိတ်တို့ကနေ ၅၀၀ ၅၁ခုနှစ်မှာ မောင်းခမ်းကျေးရွာမှာ မွေးခဲ့တာပါ ။အခုကတော့ ကျွန်မသားသမီးတွေနဲ့အတူ ဟုမ္မလင်းမြို့နယ်၊သောင်သွပ်စံပြကျေးရွာမှာ နေထိုင်ပါတယ်။ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားပါပြီ။ ကျွန်မအသက် ၆၆နှစ်ရှိပါပြီ။
မေး။ သားဖွားသူနာပြုအဖြစ်စတင်တာဝန်ယူချိန်ခဲ့တဲ့အချိန်နဲ့ အငြိမ်းစားယူတဲ့အထိ ဘယ်လိုတာဝန်တွေယူခဲ့သလဲရှင့်။
ဖြေ။ ၁၉၇၂ ခုနှစ် မေလမှာ သားဖွားသူနာပြုသင်တန်းတက်ခဲ့ပြီးတော့ ပထမဆုံးတာဝန်ကျခဲ့တာ နန်းယွန်းမြို့နယ် လုံခိုင်ကျေးရွာမှာပါ၊ ပြီး မှ သောင်းသွပ်ရောက်တယ်။ ဒီဖလော်ရင့်နိုက်တင်ဂေးဆုရချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ရွှေတံဆိပ်ဆုနဲ့ ကျန်းမာရေးမှူးရာထူးကို တိုးမြှင့်ပေးခဲ့တယ်၊ ဒီတာဝန်နဲ့ပဲ သောင်သွပ်မှာ အငြိမ်းစားယူတဲ့ အထိ နေထိုင်ခဲ့ပါတယ်။
မေး။ ဖလော်ရင့်နိုက်တင်ဂေးဆုချီးမြှင့်ခံရတဲ့ အဖြစ်အပျက်လေးကို ပြန်ဝေငှပေးပါဦးရှင့်။
ဖြေ။ ၁၉၉၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ ညနေသုံးနာရီအချိန်မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာအန္တရာယ်ကင်း ပရိတ်တရားနာနေတုန်းမှာ မီးမီးလို့အော်သံကြားတော့ အားလုံးပြေးထွက်ကြတာပေါ့။ ကျွန်မလည်း အိမ်ဘက်ဘေးက ကလေးတွေရှိတာကြောင့် အိမ်ဘက်ပြေးလာတဲ့အချိန်မှာ ကျွန်မသားငယ်လေးကို ရှာမတွေ့ခဲ့ဘူး။ အဲ့အချိန် မီးလောင်နေတဲ့ အိမ်ထဲမှာကလေးအော်ငိုသံကြားတာနဲ့ပြေးဝင်ပြီး ကလေးငယ်ကို လက်ဆွဲပြီးပြေးထွက်ခဲ့တယ် မီးတွေကလည်း ပတ်လည်ဝိုင်းနေပြီး၊ မီးအပူချိန်နဲ့ သူရောကိုယ်ရော မီးလောင်တဲ့ ဒဏ်ရာတွေအများကြီးရသွားတယ်။ အဲ့အချိန်က သောင်သွပ်မီးက တစ်ရွာလုံးပြာကျသွားပြီး ဆုံးရှုံးသွားတာ။ ကလေးတစ်ကိုယ်လုံးရော၊ ခြေလက်တွေရော မီးလောင်သလို ၊ ကျွန်မလည်း ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ် ။
မေး။ ဆေးရုံတွေကို ဘယ်လိုရောက်ခဲ့လဲရှင့် ဘယ်နှစ်ကြိမ်လောက်ဆေးကုသမှု ခံယူခဲ့ရလဲ။
ဖြေ။ ဖြစ်ဖြစ်ချင်း ဖောင်းပြင်ဆေးရုံကို စက်လှေနဲ့စုန်ဆင်းတယ် ။ဖောင်းပြင်ရောက်တော့ ကျွန်မလည်း မီးလောင်ဒဏ်ရာနဲ့ ဖျားပြီးသတိမေ့သွားတယ်။ကလေးကတော့ မီးလောင်ဒဏ်ရာနဲ့ပဲ ဆုံးသွားရှာတယ်။ကျွန်မကတော့ဖောင်းပြင်မှာတစ်ပတ်လောက်အရေးပေါ်ကုသမှုခံယူတယ်။ပြီးတော့မုံရွာဆေးရုံမှာ တစ်လကျော် နှစ်လနီးပါးနဲ့ အဲ့ကနေ ရန်ကုန်ဆေးရုံကြီးမှာ ကုသနေတုန်းကျွန်မတို့သူနာပြုအသင်းက ဥက္ကဌကြီး နယ်လှည့်လာတော့ တွေ့သွားပြီးမှတ်တမ်းတွေယူသွားတယ်။ကျွန်မဆေးရုံဆင်းတဲ့အချိန် အမေရိကားတို့ သြစတေးလျတို့က ဆရာဝန်တွေလာတော့ ထပ်ခေါ်ပြီး ခွဲစိတ်ကုသရတယ်။
မေး။ သူနာပြုတွေအတွက်အမြင့်ဆုံးဆုလို့ ပြောလို့ရသလို မြင့်မြတ်ခြင်းရဲ့ သင်္ကတ ဒီဆုကိုရတာကို ဆရာမကြီးဘယ်လိုသိလဲ။အဲ့တုန်းက ခံစားချက်ကရော ဘယ်လိုဖြစ်မလဲရှင့်
ဖြေ။ ကျွန်မပြန်ပြီး တာဝန်ထမ်းဆောင်နိုင်တဲ့အချိန် ၂၀၀၁ခုနှစ်၊ ၅လပိုင်းမှာပေါ့နော် ကျွန်မကာကွယ်ဆေးထိုး သွားနေတဲ့အချိန်ရွာသားတွေက ပြောတယ် ဆရာမကြီးကို ဆုချီးမြှင့်မယ်လို့ ရေဒီယိုထဲမှာ ကြေညာသွားတယ်ပေါ့။နောက်ပိုင်းကျမှ မြို့နယ်ဆရာဝန်ကြီးတွေလည်းခေါ်ပြီး–ကြောင်းပြောတာဘယ်လိုပြောရမလဲ ကိုယ်ဘာကိုမှ မရည်ရွယ်ဘဲ ကိုယ့်သားအရွယ်လေးတစ်ယောက်ကို ကယ်ပေးခဲ့တာ အသိအမှတ်ပြုတယ်ဆိုတော့ စကြားတော့ဝမ်းနည်းဝမ်းသာဖြစ်ရတာပေါ့။
မေး။ ဒီဆုကို သွားရောက်လက်ခံယူတုန်းက အတွေ့အကြုံလေးကို ဝေငှပေးပါဦးရှင့်။
ဖြေ။ ဆုချီးမြှင့်တဲ့အချိန်က၂၀၀၁ခုနှစ် ၁လပိုင်း ၂၉ ရက်နေ့ပေါ့နော်၊ရန်ကုန်သူနာပြုတက္ကသိုလ်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ချီးမြှင့်တဲ့ ဖလော်ရင့်နိုက်တင်ဂေးဆုတံဆိပ်နဲ့ ဂုဏ်ထူးဆောင်လက်မှတ်ကိုပေးတယ်။ ကျွန်မတို့ ကျန်းမာရေးဝန်ကြီးကလည်း ရွှေတံဆိပ်ဆုနဲ့ ကျန်းမာရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးတယ်။ တခြားအဖွဲ့အစည်းတွေက ပေးတာတွေရော ရှိပါတယ်။ကြာပြီဆိုတော့ ကျွန်မမမှတ်မိတော့ဘူး။
မေး။ အခုလက်ရှိမှာရော ဆရာမကြီးရဲ့ဘဝကို ဘယ်လိုဖြတ်သန်းနေလဲ။
ဖြေ။ အခုကတော့ အိမ်ထောင်မကျသေးတဲ့ သမီးတစ်ယောက်နဲ့အတူတူနေတယ်။ကျန်တဲ့သားသမီး တွေက အိမ်ထောင်ကျသူကျအဝေးရောက်သူရောက်ပေါ့လေ ၊တခါတလေ လူနာကြည့်ပေးတယ်၊ အားရင် တရားထိုင်တယ် ပုတီးစိပ်တယ် တရားစာအုပ်တွေဖတ်တယ်၊ ကိုယ့်နောက်ပါမယ့်အလုပ်တွေပဲ လုပ်ဖြစ်တော့တာပေါ့။
မေး။ ဆရာကြီးအနေနဲ့ နှစ်တွေအများကြီးဆေးကုသခဲ့တဲ့နေရာလည်း ဖြစ်သလို အခုအခြေချနေထိုင် နေရာလည်းဖြစ်တဲ့ သောင်သွပ်ကျေးရွာနဲ့ တိုက်နယ်ဆေးရုံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်အားရကျေနပ်မှုရှိသလား။
ဖြေ။ သောင်သွပ်တိုက်နယ်ဆေးရုံမှာ ဆရာဝန်အတည်တကျဘယ်တော့မှ မရှိခဲ့ဘူး၊ အခုလည်းမြို့နယ်ဆေးရုံကြီးက လွတ်ပေးတဲ့ဆရာဝန်တွေ သုံးလတစ်ခါ တစ်လတစ်ခါ လာနေပေးရတယ်။ ဒီနယ်ကလူတွေအတွက် အမြဲတမ်းဆရာဝန်တစ်ယောက်တော့လိုပါတယ်။
ဖြည့်စွက်ချက် ။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းမှ ချီးမြှင့်ထားတဲ့ ဖလောရင့်နိုက်တင်ဂေးဆုရင် ရှမ်းနီတိုင်းရင်းသူ ဒေါ်သိန်းရီကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အများကောင်းကျိုးအတွက် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်သူတွေကိုချီးမြှင့် ဝဏ္ဏကျော်ထင်ဘွဲ့ကို မနှစ်က ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုတံဆိပ်ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပေးအပ်ခဲ့တာလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်အချိန်မှာ ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာမှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတယ်။
