
မေ(၁)၊ အင်းတော်
ဧပြီ(၃၀)ရက်နေ့ ညနေပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ တော်လှန်ရေးတပ်ဖွဲ့များသိမ်းယူထားတဲ့ အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်လာပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF တပ်ဖွဲ့များက အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကနေ တစ်နှစ်အကြာအထိ သိမ်းပိုက်ထားမှုကို စစ်တပ်က ပြန်လည် သိမ်းယူလိုက်တာလည်း ဖြစ်ပါတယ်။
အင်းတော်မြို့ကို စစ်တပ်က (၇)ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြီးငယ် (၁၇)ကြိမ် နဲ့ KIA+PDF တွေရဲ့ကျဆုံးအလောင်း (၃၃)လောင်းအပြင် လက်နက်အစုံ (၁၈)လက်တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဧပြီ(၂၉)ရက်နေ့မှာ အင်းတော်မြို့နဲ့သုံးမိုင်အကွာရှိ နဘားကျေးရွာအထိ တစ်ဖြည်းဖြည်းသိမ်းယူလာပြီး ဧပြီ(၃၀)မနက်ပိုင်းမှာ ကန်းနီ၊နားရခေါင်၊ကြာအင်း၊ကျွန်းတောနဲ့ ကူဆိပ်ကျေးရွာတို့ကို ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အင်းတော်မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းချီတက်ခဲ့ပြီး ကသာမြို့မှာ ပြင်ဆင်စုဖွဲ့မှုတွေပြုလုပ်ခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုအသီးသီးက အချိန် ၉ လကြာ တိုက်ခိုက်သိမ်းယူခဲ့ကြရတာပါ။
ယခု(၂၀၂၆)ခုနှစ် လအစ ဇန်နဝါရီမှာ အင်းတော်မြို့နဲ့ ၁၆ မိုင်အကွာက ကသာမြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး မြို့အတွင်းပိုင်းထိရောက်ရှိခဲ့ပေမယ့် သိမ်းယူနိုင်ခဲ့ခြင်းမရှိဘဲ စစ်ကော်မရှင်က အပြင်းအထန်ခုခံခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကိုလည်း ဇန်နဝါရီလကုန်မှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA )တပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့တာကြောင့် ယခုနှစ် မတ်လကုန်ပိုင်းအထိ တော်လှန်ရေးတပ်ဖွဲ့က စစ်ကိုင်းတိုင်းက ယခုအင်းတော်နဲ့ဗန်းမောက်မြို့တို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပင်လည်ဘူးမြို့နယ် ၊ ခမ်းပတ်မြို့ ၊ ရွှေပြည်အေးမြို့ ၊ မော်လူးမြို့ တွေကိုတော့ NUG နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။
