ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ တရုတ်သူဌေးတစ်ဦး၏နေအိမ်ဓားပြတိုက်ခံရပြီး ငွေသားနဲ့ရွှေများပါရှိသွား 

မေ၃၀ဖားကန့် 

  ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာရှိ တရုတ်လောပန်း(သူဌေး) အိမ်တစ်အိမ်ကို မေလ၂၉ ရက် မနက်(၇)နာရီကျော်ဝန်းကျင်အချိန်တွင် လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ခြိမ်းခြောက်ဓားပြတိုက်မှုကြောင့် ရွှေနှင့်ငွေသားအမြောက်အများပါရှိသွားသည်ဟု ဒေသခံများထံမှ သိရပါတယ်။ 

   ဓားပြတိုက်ခံရသော အိမ်ရှင်ဖြစ်သူက ဦးအားမုံအမည်ရှိ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်ဟုလည်း သိရပါတယ်။ 

  “သိန်းပေါင်းတစ်သောင်းဝန်းကျင်လောက်ပါသွားတယ်ပြောတယ် ရွှေနဲ့ငွေသားနဲ့ပေါ့နော် အေ့လိုကြီးသေနတ်ကျတော့ တစ်ချက်မှတော့မဖောက်ဘူး ဒီတိုင်းပဲတောင်းပဲတောင်းသွားတာပေါ့ မပေးရင်ပစ်သတ်ပစ်မယ်ပေါ့ဘာညာ အေ့လိုပြောပြီးတော့ တောင်းသွားတာပေါ့’ဟု ဖြစ်စဉ်သိရှိသူ ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

  အဆိုပါလက်နက်ကိုင်လူတစ်စုက ကားနှစ်စီးဖြင့် လာရောက်ဓားပြတိုက်ယူသွားတာဖြစ်ပြီး  အင်အားအတော်အသင့်ပါရှိလာကြကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုကြပါတယ်။ 

  ဓားပြတိုက်ခံရတဲ့အိမ်အတွင်းရှိ မိသားစုများကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြဘူးဟု သိရပါတယ်။

  ၂၀၂၂ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ JL မိုဘိုင်းဖုန်းဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်တစ်စုက ဓားပြဝင်ရောက်တိုက်သွားပြီး  ငွေကျပ်သိန်းငါးဆယ်ခန့်ပါရှိသွားမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *