ဖားကန့်မြို့နယ်မှာ  လုယက်ဓားပြမှုတွေတိုးများလာတာကြောင့်ကျောက်လောပန်းများရှောင်ထွက်နေကြပြီးကျောက်အရောင်းအဝယ်အေးနေ 

ဇွန်ဖားကန့် 

   ဖားကန့်မြို့နှင့် မြို့အနီးတစ်ဝိုက် ကျောက်မှော်တွေမှာ  ယခုရက်ပိုင်း လုယက်ဓားပြမှုတွေက ရက်ဆက်ဖြစ်ပွားနေမှုကြောင့် တရုတ်ကျောက်လောပန်း(သူဌေး)များ မြို့ကနေ ရှောင်ထွက်နေကြောင်း စုံစမ်းသိရပါတယ်။ 

ဒီလိုရှောင်ထွက်နေမှုများကြောင့် ကျောက်စိမ်းအရောင်းအဝယ်စျေးကွက်အေးနေတယ်လို့ ဒေသခံ ကျောက်ပွဲစားများက ပြောဆိုနေပါတယ်။ 

  “ နဲနဲတော့ပျောက်တော့ပျောက်သွားတယ်။  ခါတိုင်းက သုံးဦးလောက်ရှိတယ်ဆို တစ်ဦးလောက်ပဲကျန်တော့တယ် အေ့လိုဖြစ်သွားတယ် ။ အကုန်လုံးတော့မဟုတ်ပါဘူး ညဘက်ကျောက်ဝိုင်းတွေမှာဆို အသွားအလာကျဲသွားတာပေါ့” ဟု  လုယက်မှုတွေကို စိုးရိမ်ကြောက်လန့်မှုကြောင့် တရုတ်ကျောက်လောပန်းများ  ရှောင်ထွက်နေမှုနှင့်ပတ်သက်ပြီး  ဆိပ်မူကျေးရွာသားတစ်ဦးက အခုလိုပြောပြသွားတာပါ။ 

   လုံးခင်းကျေးရွာမှာလည်း ကျေးရွာတွင်း သွားလာလှုပ်ရှားမှု မရှိသလောက်နည်းသွားကြပြီး တရုတ်ကျောက်လောပန်းများသာမက ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူများ၊ လက်လုပ်လက်စား ၊ ရေမဆေးကျောက်ရှာဖွေသူများ  အတော်ပင်နည်းပါးသွားသည်ဟု ဒေသခံများက ဆိုကြပါတယ်။

  တရုတ် ကျောက်လောပန်းများ နည်းပါးသွားခြင်းကြောင့် ကျောက်အရောင်းအဝယ်များမှာ စျေးကွက်အေးနေပြီး ဝယ်လက်ရှားပါးမှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ 

  “ ကျောက်အရောင်းအဝယ်က အေးပြီဆိုလို့ရှိရင် စျေးကွက်ကလည်းအေးတယ် ဒီမှာလည်းအဲ့လိုဆိုတဲ့အခါကျတော့ မစည်တော့တဲ့အခါကျ အကုန်လုံးဆက်နွယ်နေတာပေါ့ ကျောက်စျေးကွက်တင်မဟုတ်ဘူး အသံပလံတွေနဲ့ဆိုတော့ လုပ်စားကိုင်စားတွေအကုန်ကြောက်ကုန်ကြတာပေါ့ ” ဟု  လုံးခင်းကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

   ကျေးရွာတွေတွင်  နေ့လည်နေ့ခင်းအချိန်မှာပင် စည်ကားမှုမရှိတော့သလို ညပိုင်းအချိန်တွေမှာတော့ အကြောင်းတစ်စုံတစ်ရာမရှိပါက နေအိမ်အပြင်သို့ထွက်သွားလာခြင်းမရှိကြပဲ နေအိမ်အတွင်းတိတ်ဆိတ်စွာနေထိုင်နေကြရသည်ဟု ဆိုကြပါတယ်။ 

  “ အကြောက်ဆုံးက ဓားပြမှုပဲ အခုဟာက မင်း. တောမီးလောင် တောကြောင်လက်ခမောင်းခတ်ပဲလေ။ ဘယ်သူမှန်းမသိ ဘယ်ဝါမှန်းမသိ အဲ့လိုဖြစ်နေကုန်ပြီ ”   ဟု  ခြိမ်းခြောက်ဓားပြမှုများ ဖြစ်ပေါ်နေမှုကို ဆိပ်မူဒေသခံတစ်ဦးက ဆိုတာပါ။

ဖားကန့်မြို့နယ် အခုရက်သတ္တတစ်ပတ်အတွင်း တရုတ်သူဌေး (၂) ဦး ၊ တည်းခိုခန်းပိုင်ရှင် တစ်ဦး ၊ ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ (၁) ဦး လုယက်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ 

အခုလိုဖြစ်ရပ်တွေဟာ  တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေခြင်းကြောင့် ဖြစ်တယ်လို့   ဖားကန့်ပြည်သူများက ပြောဆိုနေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *