ဖားကန့်မြို့နယ်အတွင်းကျောက်စိမ်းတူးဖော်မှုတွေရပ်ဖို့အကြိမ်တစ်ရာကျော်သတိပေးထားလို့ဆို 

ဖားကန့်မြို့ညအချိန်ကျောက်စိမ်းရှာဖွေနေသူများကိုတွေ့ရစဉ် Photo_Credit

ဇန်နဝါရီ ၂၅ ၊ ဖားကန့် 

ဖားကန့်မြို့နယ်၊ လုံးခင်း၊ဖားကန့်ရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်မှုမပြုလုပ်ဖို့ ကျောက်မျက်ကုမ္ပဏီ၊သ/မအသင်းများကို  (၁၀၉)ကြိမ်တိုင် အသိပေး ပြောဆိုထားပြီးဖြစ်တယ်လို့ လုံးခင်း၊ဖားကန့်တူးဖော်ရေးဌာနက ထုတ်ပြန်ပြောဆိုလာပါတယ်။

    သက်တမ်းကုန်ကျောက်စိမ်းလုပ်ကွက်တွေမှာ တူးဖော်မှုမပြုလုပ်ဖို့ ၂၀၁၆ ခုနှစ် ၄ လပိုင်းကနေ ၂၀၂၃ ခုနှစ် (၁၂)လပိုင်းကုန်အထိ (၁၀၈)ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်းမှာ (၁)ကြိမ် စုစုပေါင်း (၁၀၉)ကြိမ် အသိပေးအကြောင်းကြားထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပြီး ကျောက်စိမ်းတူးဖော်မှုကို လုံးဝမပြုလုပ်ရန်နှင့် တူးဖော်မှုမှာ ပါဝင်ခြင်းမပြုရန်၊ ပေါက်ကွဲစေတတ်တဲ့ ယမ်းနဲ့ယမ်းပစ္စည်းများ တရားမဝင် သိုလှောင် ၊ဖြန့်ဖြူးခြင်း ၊သုံးစွဲခြင်း မပြုလုပ်ရန် တို့ပါရှိပါတယ်။ 

တူးဖော်ရေးဌာနက အခုလို ကျောက်စိမ်းပြန်လည်တူးဖော်ဖို့  ခွင့်ပြုထားခြင်းမရှိသေးပေမယ့်  တူးဖော်ရေးကုမ္ပဏီများက ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းများလုပ်ကိုင်နေကြဆဲပဲ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ၊ လုံးခင်း ၊ မှော်စီဇာ၊ မှော်ပုံ၊ ဆန်ခါ ၊ စပေါ့၊ မမုန်ဖားပြင်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး အပြင်တခြားသော နေရာတွေမှာ ကျောက်စိမ်းတူးဖော်မှုများစွာရှိနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ 

“ နည်းနည်းပိုက်ဆံရှိတဲ့သူတွေက သိန်းပေါင်းလေးငါးသောင်းလောက်ကိုင်နိုင်တဲ့သူတွေ သုံးလေးငါးယောက်လောက်စုပြီးတော့ ဘတ်ဟိုးတွေသုံးလေးငါးစီးလောက်အပိုင်ဝယ်။ မြေစာတင်တဲ့  Truck ကားတွေပေါ့ကွာ လေးငါးဆယ်စီးအပိုင်ဝယ်ပြီးတော့ တစ်နိုင်တစ်ပိုင်ကွက်တွေပါ့ကွာ၊  နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ခေတ်သစ်ခရိုနီတွေလိုပေါ့ကွာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

  ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပေမယ့် ကျောက်စိမ်းတူးဖော်မှုတွေဟာ ရပ်ဆိုင်းသွားခြင်းမရှိပဲ ဆက်လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *