
ဖေဖော်ဝါရီ ၂၀ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်း ဆန်နှင့် စက်သုံးဆီတင်ကားတွေ ဝင်ရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားမှုကြောင့် ကုန်စျေးနှုန်းမြင့်တက်လာနေတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေသိရပါတယ်။
“ နန့်ယားမှာပိတ်ထားတာ၊ ဆန်ကားတွေ၊ ဆီကားတွေ ၊ ဒီဇယ်ကားတွေရောပိတ်ထားတာ နန့်ယားဂိတ်ကနေစပိတ်ထားတာ၊ ဒါ့ကြောင့်မို့ ဆန်စျေးတွေက အခု ချင်းတုံးတောင် တစ်သိန်းရှိသွားပြီတဲ့ ၊ ကျန်တဲ့ဟာတွေတစ်သိန်းတစ်သောင်း ၊ တစ်သိန်းနှစ်သောင်းဖြစ်သွားကုန်ပြီ ၊ သူတို့ကုန်စျေးနှုန်းတွေဖြတ်တယ်လို့ပြောတာပါ့ အဲ့လိုမျိုးကြားတာပါ့” ဖားကန့်-မြစ်ကြီးနား ကုန်သည်တစ်ဦးကပြောပြပါတယ်။
ဖားကန့်မြို့နယ်အတွင်းကို ဆန်တင်ကားတွေ ဝင်ရောက်ခွင့်ပိတ်ထားခြင်းကြောင့် ဒေသတွင်းအများဆုံးစားသုံးတဲ့ ချင်းတုံးဆန် တစ်အိတ် ၇ သောင်းခွဲကျော် အထိမြင့်တက်လာပြီး တခြားအမျိုးအစားကောင်းတဲ့ဆန်တွေဟာ ကျပ်တစ်သိန်းကနေ တစ်သိန်းသုံးသောင်းအထိ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေထဲက 92 ၊ 95 ဆီအမျိုးအစားတွေက ပြတ်လပ်လုနီးပါးနေပြီး အကန့်အသတ်နဲ့သာရောင်းချနေကြတယ်လို့သိရပါတယ်။
“ ဒီဇယ်လည်း အဝင်ကဒီလိုပဲ ကားတွေကို တားထားလို့ စျေးတွေက တက်တယ် ။ တစ်ဂါလံကိုနှစ်သောင်းဆိုတော့ ဆယ်သိန်းစျေးဖြစ်သွားပြီလေ ၊ ဒါတောင်မှ ဆိုင်တွေပိတ်ထားတာများတယ်။ ရောင်းဖို့အနေအထားမရှိတဲ့ ပုံစံမျိုးပါ့လေ ၊ ဆန်တွေလည်း ဒီလိုပဲ စျေးတက်လာတယ်” လို့ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီအမျိုးမျိုး ဝင်ရောက်ခွင့်တွေကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာကြောင့် ယခင်က အိမ်စီးကားအသေးတွေနဲ့ မှောင်ခိုသယ်ယူမှုတွေရှိပေမယ့် လက်ရှိမှာတော့ သယ်ယူလို့မရဘူးလို့ စုံစမ်းသိရပါတယ်။
စက်သုံးဆီကားများကို ပိတ်ပင်ထားတာ ရက်သတ္တတစ်ပတ်ကျော်ကြာမြင့်နေပြီး လာမယ့်ရက်ပိုင်းမှာပဲ ဆီပြတ်လပ်မှုတွကြောင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တချို့ မကြာခင်ရပ်နားဖို့ရှိနိုင်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း အခုလို ဆန်နှင့် စက်သုံးဆီတင်ကားဝင်ရောက်မှုပိတ်ပင်ရခြင်း အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။