ဇူလိုင် ၅ ၊ ဖားကန့်
ဖားကန့်မြိုတွင်းက ရပ်ကွက်တစ်ခုအပါအဝင် မြို့အနီးကျေးရွာများရှိ အိမ်ခြေ(၄)ထောင်ကျော်ခန့်ဟာ ဒီရက်ပိုင်းတွေမှာ သုံးရေမလောက်ငှမှုပြဿနာနဲ့ ကြုံနေရကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဖားကန့်မြို့ပေါ်က မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာ၊ အောင်မြေ၊ ရေအေးဂျောင်ကျေးရွာ၊ ထုံးဘိုကျေးရွာ၊ မှော်သောင်းကျေးရွာ၊ ဆန်းကြွယ်ကျေးရွာစတဲ့ ကျေးရွာ(၆)ရွာတွေမှာ အခုလို သုံးရေပြဿနာကြုံနေရတာလည်း ဖြစ်ပါတယ်။
ဒီကျေးရွာတွေဟာ ဆယ်စုနှစ်နီးပါး သုံးရေရရှိနေတဲ့ ဆိုင်းကြာပုံကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ၏ လုပ်ကွက်ဟောင်း ရေကန်ကနေ ပြီးခဲ့တဲ့ဇူလိုင်လ(၁)ရက်နေ့မှစပြီး သုံးရေမရရှိကြတော့ဘူးလို့ ယူမာကျေးရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။
“ ရေသုံးနေရတဲ့ရေကန်ရဲ့ဘေးနားတွေကို ကျောက်တူးလိုက်တော့ အဲ့ရေကန်ကအပေါ်မှာကျန်ခဲ့တာပေါ့ အဲဒီလိုပတ်ပတ်လည်ကတူးလိုက်တဲ့အခါကျတော့ ကန်ကပေါက်ပြီး နက်တဲ့ထဲကိုရေစီးကျသွားတော့ ရေကမရှိတော့ဘူး အကုန်လုံးရေတွေသုံးစရာကိုမရှိတော့ဘူး ရေဒုက္ခရောက်နေကြရပြီ” လို့ သူကပြောပြပါတယ်။
ဒီရေကန်ဟာ အဲဗားဝင်းနားကျောက်စိမ်းကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး တူးဖော်ပြီးတဲ့ကျင်းနေရာကို မြေပြန်လည်ဖို့ထားခြင်းမရှိပဲ သုံးရေကန်အဖြစ်ဒေသခံတွေက အသုံးပြုနေရကြတာလည်း ဖြစ်ပါတယ်။
ကျင်းအကျယ်(၄)ဧကခန့်၊ အနက်ပေ(၂)ထောင်ကျော်ခန့် ရှိကာ ရေပိုက်တွေနဲ့ အနီးရှိ ကျေးရွာနေအိမ်တွေကို သွယ်တန်းကာ သုံးရေပေးဝေနေတာဖြစ်ပြီး ဒီနှစ်ပိုင်းတွေမှာ ရေကန်ရဲ့ဘေးပတ်ပတ်လည်လုပ်ကွက်အနီးမှာ ကုမ္ပဏီ (၃)ခုက ကျောက်စိမ်းတူးဖော်နေမှုတွေကြောင့် ရေပေါက်ကျလာကာ ရေခန်းသွားတာဖြစ်တယ်လို့သိရပါတယ်။
“ ခါတိုင်းလိုရေကန်ကနေ ရတဲ့ရေထက်စာရင်တော့ အခက်အခဲဖြစ်တာပေါ့ဗျာ သုံးရေကတော့ ကိုယ်နဲ့နီးစပ်ရာပတ်သက်ရာမှာသွားပြီးခပ်ကြတာပေါ့ ကျွန်တော်တို့ဆိုရင် မြို့ထဲလာရင် အိမ်ကနေပဲဆီထည့်တဲ့ပုံးအဝါကြီး ၁၅ ပုံးလောက် ကားနောက်ခန်းထဲတင်လာပြီးမှ ရေသယ်ပြီးအိမ်ပြန်ပို့ အဲလိုပဲလုပ်ရတာ” ဟု ရေအေးဂျောင် ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ရေကန်ကနေရေမရရှိတော့တာကြောင့် နီးစပ်ရာကနေ သုံးရေတစ်ပေပါကို (၅)ထောင်ကျပ်ဖြင့် ဝယ်ယူသုံးစွဲနေကြရတယ်လို့ ဒေသခံများက ဆိုကြပါတယ်။