ဖားကန့်မြို့မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဌဖမ်းဆီးခံရ

ဧပြီ ၁၂ ၊ ဖားကန့် 

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှာနေထိုင်သူ မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမင်းအောင်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားပြီး နောက်ဆက်တွဲသတင်းတွေ မသိရှိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ဖမ်းခံရတဲ့ အကြောင်းအရင်းကမသိရဘူး။ ဖမ်းခံရတာက သေချာတယ်။ ဖမ်းသွားတာက (၃)ရက်တောင်ရှိပြီ။ အခုထိ အတွေ့တောင် မခံဘူး” လို့ မှော်ဝမ်းရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။ 

ဧပြီလ (၉) ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောာင်သွားတာဖြစ်ပြီး (၃) ရက်မြောက်ထိတိုင် အဆက်အသွယ်မရရှိသေးသလို စစ်ကောင်စီတပ်ဖွဲ့တွေဆီသွားရောက်မေးမြန်းရာမှာလည်း ငြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

“ သူက နှလုံးလည်းစက်တပ်ထားတယ်။ ဆေးတောင်သွားပေးတာ ဘယ်မှာသွားပေးရမှန်းတောင်မသိဘူး” လို့ သူကဆက်ပြောပြပါတယ်။ 

မှော်ဝမ်းရပ်ကွက်မှာ ယွန်းကဖေး အမည်ရှိတဲ့ လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်သလို NLD ပါတီဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့  KIA/PDF  တွေက ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများကိုဖမ်းဆီးနေမှုတွေရှိနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *