ဖားကန့်မြို့နယ်မှာ မနေ့က ဧပြီလ ၁၉ ရက်နေ့ကစပြီး စက်သုံးဆီစျေးနှုန်း တစ်ဂါလံ သုံးသောင်းကျပ်အထိ မြင့်တက်ကာ အကန့်အသတ်နဲ့သာဝယ်ယူနေကြရကြောင်းစုံစမ်းသိရှိရပါတယ်။
“ ဘယ်လိုဖြစ်တာလည်းမသိဘူးကော ၊ မနေ့တုန်းက မနက်ကို ဆီကလိုက်ဝယ်နေကြတယ်၊ ညနေပိုင်းကျတော့ ဆီဆိုင်တွေအကုန်လုံးတန်းစီပြီးတော့ ဆီစျေးတွေကတက် ၊ သုံးသောင်းထိတောင်ရောက်သွားတယ် တစ်ဂါလံကို အကုန်ပဲ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မနေ့ မနက်ပိုင်းကစ စက်သုံးဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူနေကြပြီး စက်သုံးဆီဆိုင်တွေလည်း အကန့်အသတ်နဲ့ ရောင်းချလာခဲ့တယ်လို့ဆိုပါတယ်။
ဆိုင်ကယ်တစ်စီးကို ဆီတိုင်ကီအပြည့်ထည့်ပေးပြီး ကားကိုတော့ တစ်ဂါလံနဲ့ နှစ်ဂါလံသာ ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီဆိုင်တွေလည်း ဒီနေ့မှာ တချို့ဆိုင်က ဖွင့်လှစ်ထားခြင်းမရှိသလို ဖွင့်လှစ်တဲ့ဆိုင်တွေလည်း အချိန်အကန့်အသတ်နဲ့သာ ရောင်းချမှုပြုနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်းပိတ်ထားခံရတာကြောင့် ဓာတ်ဆီစျေးမြင့်တက်မှုနဲ့ အလုအယက်ဝယ်ယူနေတဲ့ အကြောင်းအရင်းကို မသိရှိဘူးလို့ ပြောဆိုကြပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စက်သုံးဆီသိုလှောင်မှုလျှော့နည်းလာတဲ့ သတင်းတွေကြောင့် မနေ့ကစပြီး စက်သုံးဆီတွေကို အများအပြားဝယ်ယူနေကြတာလည်းဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က စက်သုံးဆီသိုလှောင်ထားမှု အပြည့်အဝရှိနေကြောင်း နဲ့ စက်သုံးဆီဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေနဲ့ ဆိုင်တွေကလည်း လိုသလောက်ရောင်းချပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
သို့ပေမယ့် ဒီနေ့မနက်ထိ ဖားကန့်မြို့အပါအဝင် တခြားမြို့နယ်အများစုမှာ စက်သုံးဆီစျေးတွေမြင့်တက်လာပြီး တန်းစီဝယ်ယူမှုတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။