ဖားကန့်မှော်ဝမ်းရှိအခွန်ဦးစီးရုံးမှအရာရှိနှစ်ဦးတစ်ပတ်ကြာသည်ထိလွှတ်မြောက်လာခြင်းမရှိသေး

အောက်တိုဘာ ၁၇ ၊ ဖားကန့် 

   ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်အတွင်းရှိ အခွန်ဦးစီးရုံးက မြို့နယ် ဒုဦးစီးမှုးနှင့် ဦးစီးမှုး နှစ်ဦးဟာ လက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်ကြာသည်ထိ လွှတ်မြောက်လာခြင်းမရှိသေးဘူးဟု ဒေသခံများထံမှ သိရပါတယ်။ 

  “မကြားဘူး မကြားဘူး ဘာမှအသံမကြားရတော့ဘူး ပြန်မလွှတ်တော့ဘူး ဖမ်းပြီးရင်ပြန်မလွှတ်တော့ဘူး လိုင်ဇာမှာပေါက်ကွဲမှုဖြစ်ပြီး နောက်တစ်ရက်မှာ အေ့နှစ်ယောက် ဖမ်းခံရတာပဲ’ ဟု မှော်ဝမ်းရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

အောက်တိုဘာလ (၁၀)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်အချိန်မှာ ၎င်းတို့နှစ်ဦးက ခြေလျင်ဖြင့်  ရုံးအနီးရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် ခေါက်ဆွဲစားပြီးအပြန် ကွမ်းယာဝင်ဝယ်ချိန်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဖြစ်ပါတယ်။ 

၎င်းတို့နှစ်ဦး ဖမ်းဆီးမခံရသေးခင် တစ်ရက်အလို အောက်တိုဘာလ(၉)ရက်နေ့ ည(၁၂)နာရီ ကျော်အချိန်တွင် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူပေါင်းသုံးဆယ်ကျော် သေဆုံးကာ  စစ်ရှောင်အများအပြား ဒဏ်ရာရမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ 

အောက်တိုဘာလ (၉)ရက်နေ့တစ်ရက်တည်းမှာပဲ ဖားကန့်မြို့၊ လုံးခင်းအချုပ်ထောင်မှ ဝန်ထမ်းအမျိုးသမီး (၃)ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ထိုနေ့မှာပင် ပြန်လည်လွှတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ  လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ နှစ်လအတွင်း ရဲ ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် အရပ်သားတချို့ ပစ်သတ်ခံရမှုတွေ မကြာခဏဖြစ်ပွားလာခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *